
၇. ၅. ၂၀၂၅
Written by Tha Doe
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် အခမ်းအနားများမတိုင်မီ မော်စကိုမြို့သို့ ပထမဆုံးရောက်ရှိလာသော ကမ္ဘာ့ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သည့် ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုအား ကရင်မလင်နန်းတော်တွင် ရုရှားသမ္မတပူတင်က ကြိုဆိုခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ တက်ရောက်ရန် ယနေ့နံနက် ၇ နာရီခွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာသွားပြီး SAC ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှသည်လည်း ရုရှားဖက်ဒရေးရှင်းကောင်စီ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Valentina Matviyenko ၏ ဖိတ်ကြားချက်အရ SAC ဥက္ကဋ္ဌနှင့်အတူ တစ်ပါတည်းလိုက်ပါသွားခဲ့သည်။
မော်စကိုမြို့၌ မေလ ၉ ရက်တွင် ကျင်းပမည်ဖြစ်သော နာဇီဂျာမနီအပေါ် အောင်နိုင်မှုအခမ်းအနားသို့ တက်ရောက်မည့် နိုင်ငံ့ခေါင်းဆောင်များမှာ လတ်တလောကာလအထိ မြန်မာအစိုးရအဖွဲ့ခေါင်းဆောင်၊ တရုတ်သမ္မတတို့အပြင် အဘ်ခါဇီးယား၊ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ ဘီလာရုစ်၊ ဘရာဇီး၊ ဘူကီနာဖာဆို၊ ဗင်နီဇွဲလား၊ ဗီယက်နမ်၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ မွန်ဂိုးလီးယား၊ ကျူးဘား၊ ပါလက်စတိုင်း၊ ဆက်ခ်ပစ်စကာ၊ ဆာဗီးယား၊ စလိုဗက်ကီးယား၊ တာခ်ဂျစ်စတန်၊ တာ့ခ်မင်နစ္စတန်၊ ဥဇဘက်ကစ္စတန်၊ ဂီနီယာဘီဆော၊ ဘော့ဇနီးယားနှင့် ဟာဇီဂိုဗီနာ၊ ဇင်ဘာဘွေ၊ ပါပူအာ နယူးဂီနီ၊ ကွန်ဂို၊ အီဂျစ်၊ လာအို၊ အီသီယိုပီးယား၊ ဆောက်အိုဆက်ရှား စသည့် နိုင်ငံနှင့် ဒေသ ၃၀ မှ ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်မည်ဟုလည်း သိရသည်။
