
MT News
၇. ၅. ၂၀၂၅
မန္တလေးငလျင်ကြီးအလွန် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် လေ့လာကိုးကားနိုင်ရန်အတွက် မြန်မာနိုင်ငံအပေါ် ကူညီပေးသည့် တရုတ်အစိုးရ၏ ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့က မေလ ၅ ရက်တွင် “မြန်မာနိုင်ငံ မန္တလေးငလျင်ကြီးအလွန် ပြန်လည်နေရာချထားရေးနေရာအချို့၏ ပြည်သူ့ကျန်းမာရေးအခြေအနေ စုံစမ်းစစ်ဆေးသုံးသပ်ချက် အစီရင်ခံစာ” စာရွက်စာတမ်း ၁၂ စုံအား မြန်မာနိုင်ငံအတွက် ပံ့ပိုးပေးအပ်ခဲ့သည်။
တရုတ်အစိုးရဘက်က မြန်မာနိုင်ငံအတွက် ကူညီပံ့ပိုးထားသော ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်၊ တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဦးစီးဌာန အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးချုပ် ချန်လေက “မြန်မာနိုင်ငံ မန္တလေးငလျင်ကြီးအလွန် ပြန်လည်နေရာချထားရေးနေရာအချို့၏ ပြည်သူ့ကျန်းမာရေးအခြေအနေ စုံစမ်းစစ်ဆေးသုံးသပ်ချက် အစီရင်ခံစာ”၊ “မန္တလေး အမှတ်(၁) ရေတွန်းစက်ရုံ မြို့ပြသောက်သုံးရေ ပေးဝေမှုနှင့် ကျန်းမာရေးအာမခံချက်အခြေအနေ ကွင်းဆင်းသုတေသနပြုချက် အစီရင်ခံစာ”၊ “ငလျင်ဘေးအလွန် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းလမ်းညွှန်” နှင့်တကွ ကာလဝမ်းရောဂါ၊ သွေးလွန်တုပ်ကွေး၊ ဝက်သက် စသည့် ရောဂါအမျိုးအစား ၈ မျိုး၏ စောင့်ကြည့်စစ်ဆေးချက်နှင့် ကပ်ရောဂါဖြစ်ပွားလာပါက စစ်ဆေးစီမံပုံ စသည့် စာရွက်စာတမ်း ၁၂ စုံကို မြန်မာနိုင်ငံသို့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအား ကူညီပေးသည့် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းအချက်အလက် စုစုပေါင်း အပိုင်း ၄ ပိုင်းကို မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနထံသို့ အကြောင်းပြန် တင်ပြကာ မြန်မာနိုင်ငံနှင့်အတူ လုပ်ငန်းအချက်အလက်များကို မျှဝေခဲ့ပြီး မန္တလေးငလျင်အလွန် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းအား အားဖြည့်ကူညီခဲ့ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်အစိုးရက မြန်မာနိုင်ငံအား ကူညီပေးသည့် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့သည် မန္တလေးရှိ ပြန်လည်နေရာချထားရေးနေရာ ၄ ခုသို့ သွားရောက် သုတေသနပြုလေ့လာမှု နှစ်ကြိမ် လုပ်ဆောင်ခဲ့ပြီး တတိယအကြိမ်အဖြစ်လည်း ထပ်မံ သွားရောက်လေ့လာလျက်ရှိကြောင်း သိရသည်။
Ref. Xinhua
