
၇. ၅. ၂၀၂၅
Yranslated by Thettant
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်လာခဲ့သော တပ်မတော်သားများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအပါအဝင် လူ ၄၀ ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံသို့ ယနေ့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
အဆိုပါ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းတွင် ကော့စ်ဘဇားလေဆိပ်၌ ပြုလုပ်ခဲ့ပြီး မြန်မာအာဏာပိုင်များ စေလွှတ်သော အထူးလေယာဉ်ဖြင့် အဆိုပါ လူ ၄၀ ကို မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော မတည်ငြိမ်မှုများကြောင့် မြန်မာ့တပ်မတော်မှ တပ်မတော်သားများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၃၄ ဦးအပါအဝင် အရပ်သားအချို့သည် နယ်စပ်တစ်လျှောက်ရှိ နေရာအသီးသီးမှတစ်ဆင့် မတူညီသော အချိန်များတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်လာခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ ကော့စ်ဘဇားဒေသမှူး ဗိုလ်မှူးချုပ် အမ်အမ် အင်မ်ရူလ် ဟာဆန်က ပြောကြားခဲ့သည်။ ၎င်းတို့အား ပြန်လည်ပို့ဆောင်သည့်အထိ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့၏ ထိန်းသိမ်းမှုအောက်တွင် ထားရှိခဲ့ကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ထို့အတူ ကော့စ်ဘဇားလေဆိပ်၏ ညွှန်ကြားရေးမှူး ဂိုလာမ် မူရ်တူဇာ ဟိုစိန်ကလည်း မြန်မာနိုင်ငံမှ အထူးလေယာဉ်သည် အဆိုပါ လူ ၄၀ ဦးကို ပြန်လည်ပို့ဆောင်ရန် ယနေ့ ဗုဒ္ဓဟူးနေ့တွင် ဆိုက်ရောက်ခဲ့သည်ဟု ပြောကြားခဲ့ပြီး ကော့စ်ဘဇားတွင် ပုံမှန် နိုင်ငံတကာ ခရီးသည် ကိုင်တွယ်ရေး အဆောက်အအုံများ မရှိသောကြောင့် ဘင်္ဂလားဒေ့ရှ်လေကြောင်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ပြန်လည်ပို့ဆောင်ရေးအတွက် အထူးစီစဉ်ဆောင်ရွက်ပေးခဲ့သည်ဟုလည်း ပြောခဲ့သည်။
မြန်မာနိုင်ငံသားများ မထွက်ခွာမီ လိုအပ်သော လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်များ ပြီးစီးစေရန် သက်ဆိုင်ရာ အရာရှိများနှင့် ဝန်ထမ်းများအား ခေါ်ယူဆောင်ရွက်ခဲ့ကာ အဆိုပါ ပြန်လည် ပို့ဆောင်ခြင်းမှာ ယခင်က ပြန်လည်ပို့ဆောင်မှု နှစ်ကြိမ်၏ နောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း မြန်မာနိုင်ငံသား ၇၅၂ ဦးကို သုံးသုတ်ခွဲ၍ ဘင်္ဂလားဒေ့ရှ်က ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ အလားတူ မြန်မာနိုင်ငံတွင် ထောင်ဒဏ်ကျခံခဲ့ရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၁၄ ဦးသည်လည်း နေရပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
