၇.၅.၂၀၂၅.
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအတွင်းမှာ အသက်သွေးချွေးတို့နဲ့ ခက်ခက်ခဲခဲတည်ဆောက်ရရှိခဲ့တဲ့ လေးနက်သိမ်မွေ့တဲ့ ခင်မင်ရင်းနှီးမှုက တရုတ်နဲ့ရုရှား နှစ်နိုင်ငံတို့အကြား အမြဲတည်ရှိနေမယ့်ချစ်ကြည်မှုရဲ့ ကုန်ခမ်းမသွားနိုင်တဲ့အရင်းအမြစ်ပဲလို့ ပြောခဲ့ပါတယ်။
ဆိုဗီယက်ပြည်ထောင်စုခေတ်က ကြီးမြတ်တဲ့ မျိုးချစ်အောင်ပွဲလို့ဆိုကြတဲ့ နာဇီဂျာမနီတို့အပေါ် ဒုတိယ ကမ္ဘာစစ်အတွင်းက အောင်နိုင်မှုရဲ့ အနှစ် ၈၀ ပြည့်အခမ်းအနားမတိုင်မီ Russian Gazette သတင်းစာမှာ မေလ ၇ ရက်ကဖော်ပြခဲ့တဲ့ လက်မှတ်ထိုးထားတဲ့ဆောင်းပါးတစ်ပုဒ်မှာ ရှီက အခုလိုမှတ်ချက်ပြုခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့ပြင် ဒီနှစ်က တရုတ်ပြည်သူတို့ဟာ ရန်စကျူးကျော်သူ ဖက်ဆစ်ဂျပန်တို့ကို ခုခံတွန်းလှန်မှု၊ ဆိုဗီယက်ပြည်သူတို့ရဲ့ မျိုးချစ်စစ်ပွဲအောင်နိုင်မှုနဲ့ ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်မြင်မှုတို့ အနှစ် ၈၀ ပြည့်မြောက်တဲ့ နှစ်ဖြစ်သလို ကုလသမဂ္ဂတည်ထောင်မှု အနှစ် ၈၀ ပြည့်မြောက်တဲ့နှစ်လည်းဖြစ်တာကြောင့် သူရဲကောင်းပီသတဲ့ရုရှားပြည်သူတွေနဲ့အတူ အတိတ်ကာလကို လေးစားဂုဏ်ယူရင်း သူရဲကောင်းအာဇာနည်တွေကို ဂုဏ်ပြုသွားမယ်လို့ ရှီက ပြောခဲ့ပါတယ်။
ဆက်လက်ပြီး ရှီက ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲမှာ အောင်မြင်မှုရစေဖို့ ကြီးမားတဲ့ပံ့ပိုးကူညီမှုတွေ ပေးခဲ့ကြတဲ့ ဗိုလ်ချုပ်ကြီးတွေအဆင့်မှသည် သာမန်ရဲဘော်တွေအထိ ပုဂ္ဂိုလ်အားလုံးကို ဘယ်တော့မေ့ပျောက်မှာမဟုတ်ဘူးလို့ပြောခဲ့ပြီး တရုတ်နဲ့ရုရှားပြည်သူတွေဟာဒီစစ်ပွဲမှာ လက်တွဲမဖြုတ် ပါဝင်တိုက်ခိုက်ရင်း တစ်ဦးကိုတစ်ဦးအကူအညီပေးခဲ့ကြတယ်လို့လည်း ပြောသွားခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်ရှစ်ဆယ်အချိန်က တရုတ်နဲ့ ဆိုဗီယက်ပြည်ထောင်စုတို့အပါအဝင် တစ်ကမ္ဘာလုံးရှိတပ်ဖွဲ့တွေဟာ ညီညွတ်မှုရှိခဲ့ကြပြီး ဘုံရန်သူကိုတိုက်ခိုက်ကာ ဖက်ဆစ်စနစ်ကို အောင်ပွဲခံခဲ့ကြတာဖြစ်တယ်လို့လည်း ရှီက ဆိုခဲ့ပါသေးတယ်။
ဆယ်စုနှစ်ရှစ်ခုကြာပြီးတဲ့နောက် ဒီနေ့ကာလမှာတော့ တစ်ဖက်သတ်ဝါဒကျင့်သုံးမှု၊ ဗိုလ်ကျစိုးမိုးမှုနဲ့ အနိုင်ကျင့်ဗိုလ်ကျမှုတို့က လူသားတို့ကိုကြီးမားစွာ ဆုံးရှုံးအနာတရဖြစ်မှုတွေ ဖြစ်လာစေခဲ့ပြီး လူသားတို့အနေနဲ့လည်းညီညွတ်မှုနဲ့ စိတ်ဝမ်းကွဲပြားမှု၊ ညှိနှိုင်းဆွေးနွေးမှုနဲ့ ထိပ်တိုက်ရင်ဆိုင်မှု၊ အားလုံးအတွက် အကျိုးရှိစေမှုနဲ့ အလုံးစုံပျက်စီးဆုံးရှုံးရမှု စတာတွေအကြား ဘယ်ဘက်ကိုယိမ်းမလဲဆိုတာ လမ်းဆုံလမ်းခွ အခြေအနေကိုရောက်နေရတယ်လို့ ရှီက ထပ်လောင်းပြောခဲ့ပါသေးတယ်။
ကမ္ဘာကြီးအနေနဲ့ သမိုင်းဖြစ်ရပ်တွေကို ကြေးမုံမှန်တစ်ချပ်သဖွယ် ပြန်လည်ရှုမြင်ကာ ဒုတိယကမ္ဘာစစ်ကြီး၊ ကြီးမြတ်တဲ့ မျိုးချစ်အောင်ပွဲနဲ့ ကမ္ဘာ့ ဖက်ဆစ်စနစ်ဆန့်ကျင်ရေးစစ်ပွဲတို့မှ သိမ်မွေ့နက်နဲတဲ့ သင်ခန်းစာတွေကနေ ဉာဏ်ပညာနဲ့ ခွန်အားကိုရယူသွားကြရမှာဖြစ်တယ်။ ဒီကနေ တစ်နိုင်ငံက တခြားတစ်နိုင်ငံကို ဗိုလ်ကျစိုးမိုးမှုနဲ့ စစ်ရေး ဒါမှမဟုတ် စီးပွားရေးအရှိန်အဝါနဲ့ အနိုင်ယူမှု ပုံစံမျိုးစုံကို ပြတ်ပြတ်သားသားဆန့်ကျင်ကြပြီး လူသားမျိုးနွယ်အတွက် တောက်ပတဲ့အနာဂတ်ကို ဖန်တီးကြရမယ်လို့ ရှီက နောက်ဆုံးမှတ်ချက်ပြုခဲ့ပါတယ်။
Ref- Xinhua
