၇. ၅. ၂၀၂၅
Written by Nyein Kyaw
စက်သုံးဆီဈေးနှုန်းများ ပြန်မြင့်တက်လာချိန် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၃၃ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးကြေညာထားသည်။
ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ယခုဘဏ္ဍာနှစ်အစ ဧပြီလ ၇ ရက်တွင် ဒေါ်လာသန်း ၃၀၊ ဧပြီလ ၂၂ ရက်တွင် ၂၅ သန်းနှင့် ဧပြီလ ၃၀ ရက်တွင် ဒေါ်လာ ၃၈ သန်း ရောင်းချပေးပြီးဖြစ်သည်။
ထို့ပြင် ပြည်တွင်း စက်သုံးဆီဖူလုံမှုရှိစေရေး အရန်ဆီ နှစ်ပတ်စာခန့် သိုလှောင်ထားပြီး အရောင်းဆိုင်များတွင် ဆီပြတ်လပ်မှုမရှိစေရေး စီမံဆောင်ရွက်ခဲ့သောကြောင့် သင်္ကြန်မတိုင်မီထက် သင်္ကြန်ကာလအပြီးတွင် စက်သုံးဆီအမျိုးအစားအပေါ် မူတည်ကာ တစ်လီတာ ကျပ် ၂၀၀ မှ ကျပ် ၃၀၀ အထိ ဈေးနှုန်းပြန်လည်ကျဆင်းခဲ့သည်။
သို့သော် ပြီးခဲ့သည့် ဧပြီလနောက်ဆုံးအပတ်တွင်မူ စက်သုံးဆီအမျိုးအစားပေါ်မူတည်ကာ တစ်လီတာ ကျပ် ၅၀ မှ ကျပ် ၁၀၀ ဝန်းကျင် ပြန်မြင့်တက်ခဲ့သလို ယခုမေလဆန်းပိုင်းတွင်လည်း စက်သုံးဆီဈေးနှုန်းများ အမျိုးအစားအပေါ်မူတည်ကာ တစ်လီတာ ၃၅ ကျပ်မှ ကျပ် ၈၀ အထိ ထပ်မံမြင့်တက်ခဲ့သည်။
ယနေ့တွင် ပြည်တွင်းစက်သုံးဆီဈေးကွက်၌ ဓာတ်ဆီ ၉၂ တစ်လီတာ ၂၈၈၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂၉၄၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၄၇၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃၀၅၅ ကျပ်ရှိကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။
