နေမိုး
၂၀. ၇ .၂၀၂၆
လက်နက်မဲ့ အမျိုးသားကြီးတစ်ဦးကို NUG ဩဇာခံ ပဲခူး PDF များက ဒလန်တံဆိပ်ကပ်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု မင်းလှမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၇ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ကန်ချောင်းကျေးရွာနေ ဦးစန်းလွင်(ခ)ထိပ်ပိန်(၅၀)နှစ်သည် အဆိုပါကျေးရွာအရှေ့တောင်ဘက်ရှိ ကုန်စုံဆိုင်သို့ ဈေးဝယ်ရန် ထွက်ခွာလာစဉ် ကုန်စုံဆိုင်အနီးအရောက်၌ PDF လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ဒလန်ဟုစွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းသည် နိုင်ငံ့ဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို PDF များက သတ်ဖြတ်မှု အမြင့်မားဆုံးသော တိုင်းဒေသကြီးတစ်ခုဖြစ်သော်လည်း ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်မှုနည်းပါးသည်။
နောက်ဆုံးထုတ်ပြန်ချက်များအရ နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၁၀၀၀၀ ကျော် သေဆုံးခဲ့ကာ ၁၅၀၀၀ ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
