သက်တံ့
၂၀. ၇. ၂၀၂၆
ထိုင်းရဲတပ်ဖွဲ့နှင့် ဒေသအာဏာပိုင်များသည် နိုင်ငံခြားသားများ အမှန်တကယ် ပိုင်ဆိုင်ပြီး ထိုင်းနိုင်ငံသားက အမည်ခံ (Nominee) ထားသည်ဟု သံသယရှိရသည့် ကုမ္ပဏီ ၃၁ ခုကို တနင်္လာနေ့ (ယနေ့) တွင် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် သံသယရှိသူ ၅ ဦးကို ဖမ်းဆီးခဲ့သည်။
အဆိုပါ စီးနင်းမှုတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံ တာဝန်ရှိသူ စုစုပေါင်း ၂၅၀ ခန့် ပါဝင်ခဲ့သည်။ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ ဒုတိယ အမျိုးသားရဲတပ်ဖွဲ့ချုပ်မှ ရဲဗိုလ်ချုပ်ကြီး ဆမ်ရမ် နွမ်မာက ချင်းမိုင်မြို့ရှိ နေရာပေါင်း ၁၈ နေရာတွင် ရှိသော ကုမ္ပဏီရုံးခန်း ၃၁ ခုနှင့် စာရွက်စာတမ်း ဖိုင်တွဲများကို ရှာဖွေခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ကုမ္ပဏီ ၃၁ ခုအနက် ၁၆ ခုမှာ ထိုင်းနိုင်ငံသားများကို အမည်ခံ (Proxy) ရှယ်ယာရှင်များအဖြစ် အသုံးပြုထားသည်ဟု စွပ်စွဲခံထားရပြီး ကျန် ၁၅ ခုမှာ နိုင်ငံခြားသား ရှယ်ယာပိုင်ဆိုင်မှု ကန့်သတ်ချက်ကို ချိုးဖောက်ထားကြောင်း သိရသည်။ ယင်းကုမ္ပဏီ ၃၁ ခုသည် စုစုပေါင်း ဘတ် ၆၃၃ သန်းခန့် တန်ဖိုးရှိသော မြေ ၂၀ ရိုင် (၈ ဧကခန့်) ကို သိမ်းပိုက်ရယူထားကြသည်။
ရဲဗိုလ်ချုပ်ကြီး ဆမ်ရမ်၏ ပြောကြားချက်အရ ယခုအမှုတွင် သံသယရှိသူ ၇၄ ဦးရှိပြီး ရဲတပ်ဖွဲ့က လူ ၂၂ ဦးအတွက် တရားရုံး ဖမ်းဝရမ်း ထုတ်ထားကြောင်း သိရသည်။ ထို ၂၂ ဦးတွင် ထိုင်းနိုင်ငံသား ၂ ဦး၊ မြန်မာနိုင်ငံသား ၇ ဦး၊ အိန္ဒိယနိုင်ငံသား ၃ ဦး၊ ဗြိတိန်နိုင်ငံသား ၁ ဦးနှင့် တရုတ်နိုင်ငံသား ၉ ဦး ပါဝင်သည်။ ယင်းတို့အနက် ယနေ့တွင် ရဲတပ်ဖွဲ့က အိန္ဒိယနိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးခဲ့သည်။
ထိုင်းနိုင်ငံသား သံသယရှိသူ အချို့ကိုမူ ယခုစီးနင်းမှု မတိုင်မီကတည်းက ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ဖြစ်သည်။ ၎င်းတို့အနက် တစ်ဦးမှာ ၂၀၂၁ ခုနှစ်ကတည်းက ချင်းမိုင်ဗဟိုအကျဉ်းထောင်တွင် ရောက်ရှိနေသည့် အမျိုးသားတစ်ဦး ဖြစ်ပြီး ၎င်း၏အမည်ကို ကုမ္ပဏီနှစ်ခုတွင် ရှယ်ယာရှင်အဖြစ် ဖော်ပြထားသည်ကို တွေ့ရှိခဲ့ရသည်။
၎င်းက ရဲတပ်ဖွဲ့အား ထွက်ဆိုရာတွင် အကျဉ်းသားဟောင်းတစ်ဦးက ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတစ်ခုတွင် ပါဝင်ရန် ဖိတ်ခေါ်ခဲ့ပြီး ကုမ္ပဏီမှတ်ပုံတင်ရန်ဟုဆိုကာ ၎င်း၏ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းကို တောင်းယူခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် ၎င်းပြောဆိုခဲ့သည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများမှ မည်သည့်အကျိုးအမြတ်ကိုမျှ မရရှိခဲ့ဖူးကြောင်း ထွက်ဆိုခဲ့သည်။
“ရဲတပ်ဖွဲ့အနေနဲ့ ဒီလိုကုမ္ပဏီတွေရဲ့ ရှယ်ယာရှင်တွေနဲ့ ဒါရိုက်တာတွေကို ဥပဒေအရ အရေးယူထားပြီး ဖြစ်သလို အမှန်တကယ် အကျိုးအမြတ်ခံစားနေတဲ့ နောက်ကွယ်က လူတွေအပါအဝင် ပြစ်မှုကျူးလွန်သူအားလုံးကို ဖမ်းဆီးနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်” ဟု ရဲဗိုလ်ချုပ်ကြီး ဆမ်ရမ်က ဆက်လက် ပြောကြားသည်။
အလားတူ စစ်ဆင်ရေးမျိုးကို ဖူးခက်၊ ခရာဘီ၊ ဖန်ငါ၊ ချွန်ဘူရီနှင့် စူရတ်ဌာနီ ခရိုင်များတွင်လည်း လုပ်ဆောင်ရန် စီစဉ်ထားကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
Ref : Bangkok Post
