
MT News
၂၃. ၇. ၂၀၂၆
မသမာသောနည်းလမ်းဖြင့် တရားမဝင် လျှပ်စစ်ဓာတ်အား သုံးစွဲသူများ ဆက်သွယ်အသိပေးလာ၍ ဒဏ်ကြေးငွေကင်းလွတ်ခွင့်ပေးထားသလို လျော်ကြေးငွေကိုလည်း မူလသတ်မှတ်ချက်၏ ၅၀ ရာခိုင်နှုန်းသာ ကောက်ခံသည့်အပြင် ဓာတ်အားဖြတ်တောက်မှုနှင့် တရားစွဲခြင်းပါ ကင်းလွတ်ခွင့်ပြုထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန် အသိပေးသည်။
လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများအနေဖြင့် မသမာသောနည်းလမ်းများကို အသုံးပြု၍ တရားမဝင်ဓာတ်အားရယူသုံးစွဲမှုများ ပြုလုပ်ထားပါက ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်အသိပေးကြပါရန်နှင့် ယင်းသို့အသိပေးလာပါက ဖြေလျှော့ပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ကာလကျော်လွန်ပြီးချိန်တွင် တရားမဝင် ဓာတ်အားသုံးစွဲမှုများကို Control Center များမှ စစ်ဆေးတွေ့ရှိရပါက ပြဋ္ဌာန်းထားသည့် လျှပ်စစ်ဥပဒေများနှင့်အညီ ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊ မီတာအသုံးပြုခွင့်ကို ကာလ အကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းနှင့် လုပ်ငန်းလိုင်စင်ပိတ်သိမ်းခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းကို ပြည်သူသို့အသိပေးပန်ကြားချက်အဖြစ် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ယခုအခါ မသမာသောနည်းလမ်းများကို အသုံးပြု၍ တရားမဝင်ဓာတ်အားရယူသုံးစွဲနေသူ များမှ သက်ဆိုင်ရာဌာနအသီးသီးသို့ ဆက်သွယ်အသိပေးလျက်ရှိနေကြပြီဖြစ်၍ ထိုသူများကို ဓာတ်အားဖြတ်တောက်ခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း ၊ ဒဏ်ကြေးငွေကျပ် ၃၀၀,၀၀၀/- တောင်းခံခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ ၂၀၁၄ ခုနှစ်၊ လျှပ်စစ်ဥပဒေနှင့်အညီ တရားစွဲဆိုခြင်းမှ ကင်းလွှတ်ခွင့်ပြုခြင်းနှင့် တရားမဝင် ဓာတ်အားရယူသုံးစွဲမှုများအတွက် လျော်ကြေးငွေတွက်ချက်ရာတွင် မူလသတ်မှတ်ချက်၏ ၅၀ ရာခိုင်နှုန်းကိုသာ ကောက်ခံခြင်းများဖြင့် ဖြေလျှော့ပေးထားသည်ဟု သိရသည်။
ထိုသို့ လျှပ်စစ်ဓာတ်အား တရားမဝင်ရယူသုံးစွဲမှုများ လျော့နည်းပပျောက်လာသည်နှင့်အမျှ လျှပ်စစ်ဓာတ်အား မရရှိသေးသည့် ပြည်သူများသို့ ပိုမို၍တိုးမြှင့် ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ရာ ပြည်သူ များအနေဖြင့် ကိုယ်ချင်းစာစိတ်များဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်ပေးကြပါရန်လည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အသိပေး မေတ္တာရပ်ခံထားသည်။
