သက်တံ့
၂၂. ၇. ၂၀၂၆
ဒလတွင် ယနေ့မွန်းလွဲပိုင်းအချိန်က နေအိမ်အောက်မှရေကန်ကို သန့်ရှင်းရေးလုပ်သူအမျိုးသားနှစ်ဦး အောက်ဆီဂျင်ပြတ်တောက်ကာ သတိလစ်သွားသဖြင့် ကယ်ဆယ်သော်လည်း တစ်ဦးသာ အသက်ရှင်ပြီး တစ်ဦးမှာ အလောင်းအဖြစ်သာ ထုတ်ယူခဲ့ရသည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဥ်မှာ ယနေ့ နေ့လယ် ၁ နာရီ ၈ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ မြဝတီမင်းကြီးလမ်း၊ နေအိမ်အောက်ရှိ ရေကန်တွင် သန့်ရှင်းရေးဆောင်ရွက်နေသူ အမျိုးသားနှစ်ဦး သတိမေ့နေကြောင်း သတင်းရရှိသဖြင့် ဒလမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် အမျိုးသား (၁)ဦးအား ချက်ချင်း အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး ဒလမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းနှင့် ၁ နာရီ ၁၉ မိနစ်အချိန်တွင် သေဆုံးနေပြီဖြစ်သော ကျန် အမျိုးသား (၁)ဦးအား ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
ရေတွင်း၊ ရေကန်များ၏ အောက်ခြေအဝန်းအဝိုင်းသည် ကျဉ်းမြောင်းပြီး လေဝင်လေထွက် မရှိသလောက် အလုံပိတ်ဖြစ်နေတတ်သည့်အပြင် ကန်အောက်ခြေရှိ သစ်ရွက်ခြောက်များ၊ ရွံ့နွံများနှင့် အခြား အော်ဂဲနစ်ဝတ္ထုများ ပျက်စီးယိုယွင်းရာမှ ကာဗွန်ဒိုင်အောက်ဆိုက် ($CO_2$) နှင့် ကြက်ဥပုပ်နံ့ရှိသော ဟိုက်ဒရိုဂျင်ဆာလ်ဖိုက် ($H_2S$) အဆိပ်ဓာတ်ငွေ့များ ထွက်ပေါ်လာကာ အောက်ဆီဂျင် ပြတ်လပ်သည့် အခြေအနေ ဖြစ်ပေါ်လာနိုင်သည်။ လေထုထဲတွင် အောက်ဆီဂျင် ၁၉ ဒသမ ၅ ရာခိုင်နှုန်းအောက် လျော့နည်းသွားပါက လူသည် စတင်မူးဝေလာပြီး အောက်ဆီဂျင် လုံးဝမရှိတော့ပါက စက္ကန့်ပိုင်းအတွင်း သတိလစ်သွားနိုင်သည်။ သတိလစ်သွားသူကို တွေ့ရှိပါက လေဝင်လေထွက် ကောင်းမွန်အောင် မပြုလုပ်ဘဲ သို့မဟုတ် အကာအကွယ်ပစ္စည်း လုံးဝမပါဘဲ ဆင်းကယ်ပါက ကယ်တင်သူပါ ထပ်မံသတိလစ်၍ သေဆုံးနိုင်သည်။
ထို့ကြောင့် ရေတွင်း၊ ရေကန် ဆယ်ယူမည်ဆိုပါက ဖယောင်းတိုင်ကို မီးထွန်း၍ အောက်ခြေသို့ လျှော့ချကြည့်ရာတွင် ဖယောင်းတိုင်မီး ငြိမ်းသွားပါက အောက်ဆီဂျင် ပြတ်တောက်နေသည်ကို သတိပြုရမည်ဖြစ်သည်။ ထိုသို့သော အခြေအနေတွင် ကနဦးအနေဖြင့် ထီးကို ပက်လက်လှန်ဖွင့်ကာ အောက်ခြေသို့ အထက်အောက် ခေါက်တုံ့ခေါက်ပြန် ဆွဲတင်ဆွဲချပြုလုပ်၍ အဆိပ်သင့်လေထုများကို ဖယ်ထုတ်ခြင်း၊ ပန်ကာ သို့မဟုတ် လေမှုတ်စက်ဖြင့် လေအသစ် အရင်သွင်းပေးခြင်း စသည့် နည်းလမ်းများဖြင့် အဆိပ်သင့်လေဟောင်းများကို ဖယ်ရှားပြီးမှ ဆင်းသင့်ကြောင်း သိရသည်။
