သတိုး
၂၀. ၇. ၂၀၂၆
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအပေါ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ချဉ်းကပ်ဆောင်ရွက်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ဝင်အချို့က ဇူလိုင်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် မသမာသော ရည်ရွယ်ချက်ပါရှိပြီး ထိခိုက်စေရန် လမ်းလွှဲဖော်ပြထားသော ထုတ်ပြန်ချက်အပေါ် စိတ်မကောင်းဖြစ်ရသည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးသံတမန် ထရီဆာ လာဇာရိုက ယနေ့ တုံ့ပြန်လိုက်သည်။
ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်က မြန်မာအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဦးတင်မောင်ဆွေနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ထိုင်းနိုင်ငံတွင် တွေ့ဆုံမှုအပေါ် SAC – M က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးသံတမန် တာဝန်ကို ယူထားစဉ်အတွင်း ကြောက်ရွံ့တုန်လှုပ်မှုနှင့် မှားယွင်းသော ဆုံးဖြတ်ချက်တို့ကို ဆိုးရွားစွာ ပေါင်းစပ်ကျင့်သုံးခဲ့ခြင်းကြောင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံ၏ သက်တမ်းမှာ အကျအရှုံးဘက်သို့ ဦးတည်နေပြီဖြစ်သည်ဟု ထိုးနှက်တိုက်ခိုက်ခဲ့ခြင်းအပေါ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် ထရီဆာ လာဇာရိုက SAC – M အဖွဲ့ဝင်အချို့ ထုတ်ပြန်ချက်မှာ မသမာမှုပါဝင်နေသည်ဟု တိုက်ရိုက်တုံ့ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။


SAC – M သို့ တုံ့ပြန်လိုက်သည့် ထုတ်ပြန်ချက်တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့က ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာနိုင်ငံတို့၏ အလွတ်သဘော အစည်းအဝေးသည် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်နေ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ဗီဒီယိုစနစ်ဖြင့် ပြုလုပ်သော တိုးချဲ့အလွတ်သဘော အကြိုညှိနှိုင်းပွဲအတွင်း တိုင်ပင်ဆွေးနွေးခဲ့မှုများ၏ ရလဒ် ဖြစ်သည်။ အဆိုပါ အစည်းအဝေးများကို ဆီဘူး (Cebu) မြို့တွင် ကျင်းပခဲ့သည့် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ အာဆီယံခေါင်းဆောင်များက တူညီဆန္ဒ (၅) ချက် (5PC) နှင့်အညီ မြန်မာနိုင်ငံနှင့် အပြုသဘောဆောင်၍ မူဝါဒအခြေခံသည့် ထိတွေ့ဆက်ဆံမှုများ ဆက်လက်ပြုလုပ်ရန် ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်အာဏာနှင့်အညီ ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြသည်။
အဆိုပါ တိုင်ပင်ဆွေးနွေးမှုများအတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် အာဆီယံတူညီဆန္ဒ (၅) ချက်ကို အပြည့်အဝနှင့် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ခိုင်မာသော နည်းလမ်းများ ရှာဖွေသည့် ကြိုးပမ်းမှုအဖြစ် တူညီဆန္ဒ (၅) ချက် အကောင်အထည်ဖော်မှု ရှေ့ဆက်ဆောင်ရွက်မည့် နည်းလမ်းများ အပါအဝင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်ဖြန့်ကျက်နိုင်မည့် အလားအလာများနှင့် ပတ်သက်၍ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် တွေ့ဆုံဆွေးနွေးရန် သဘောတူညီခဲ့ကြသည်။

ဤအစည်းအဝေးများသည် သက်ဆိုင်သူ အဖွဲ့အစည်းအားလုံးအကြား အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ရန် အထူးသံတမန်ထံ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်အာဏာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ယင်းသည် တူညီဆန္ဒ (၅) ချက်ကို စွန့်လွှတ်လိုက်ခြင်း မဟုတ်သလို ထိုသို့လည်း အဓိပ္ပာယ် မကောက်ယူသင့်ပေ။ ထို့အပြင် ငြိမ်းချမ်းရေးဆီသို့ သွားရာလမ်းကြောင်းကို ပဋိပက္ခတွင် ပါဝင်နေသည့် သက်ဆိုင်သူ အဖွဲ့အစည်းအားလုံးနှင့် ခိုင်မာသော သံတမန်ရေးရာ နည်းလမ်းများမှတစ်ဆင့်သာ ရရှိနိုင်မည် ဖြစ်သည်ဟု ဖော်ပြပါရှိသည်။
ယင်းအပြင် ဖိလစ်ပိုင်နိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန်အတွက် တူညီဆန္ဒ (၅) ချက်သည် အာဆီယံ၏ အဓိက မူဝါဒအခြေခံအဖြစ် ထပ်လောင်းအတည်ပြုကြောင်းနှင့် ဤကိစ္စနှင့် ပတ်သက်၍ အထူးသံတမန်သည် တူညီဆန္ဒ (၅) ချက်ပါ ဆက်စပ်လုပ်ငန်းစဉ်များ၊ အထူးသဖြင့် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများ ဖြစ်မြောက်အောင် ပေါင်းကူးကူညီပေးရေး၊ ဆွေးနွေးပွဲဖြစ်စဉ်တွင် ညှိနှိုင်းစိစစ်ပေးရေးနှင့် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို တိုးချဲ့ပေးအပ်ရေးတို့ကို အကောင်အထည်ဖော်ရန် သက်ဆိုင်သူ အဖွဲ့အစည်းအားလုံးနှင့် ဆက်လက်ထိတွေ့ဆက်ဆံသွားရန် ကတိပြုထားဆဲ ဖြစ်သည်ဟု လာဇာရိုက SAC – M ၏ ပုပ်ခတ်မှုအပေါ် တုံ့ပြန်ခဲ့သည်။
