၂၀.၇.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တို့တွင် ဇူလိုင်လ ၁၉ ရက်နေ့က သစ်ပင်များလဲကျရာမှ မော်တော်ယာဥ်သုံးစီးနှင့် သုံးဘီးဆိုင်ကယ်တစ်စီးပေါ်ပိမိ၍ ထိခိုက်ပျက်စီးကာ လူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သွားရောက်ရှင်းလင်းကူညီခဲ့သူများထံမှ သိရသည်။
ဇူလိုင်လ ၁၉ ရက် ညနေ ၅ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ လေးထောင့်ကန်လမ်းဘေး၊ ပြည်ထောင်စုခုံးကျော်တံတားအဆင်းတွင် ပေါက်နေသော လုံးပတ် ၅ ပေ၊ အမြင့် ပေ ၄၀ ခန့်ရှိသော ကျွန်းပင်မှာ မိုးရွာသွန်းမှုများ၍ အမြစ်ပွကာ လဲကျခဲ့သဖြင့် ဓာတ်တိုင် ၃ တိုင်၊ SUZUKI CIAZ ယာဥ်၏ ညာဘက်နောက်ကြည့်မှန်နှင့် TOYOTA VEROSSA ယာဥ်၏ ကားနောက်ဖုံးတို့ အနည်းငယ် ပျက်စီးခဲ့သည်။
ထို့ပြင် ညနေ ၅ နာရီ ၁၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၅) ရပ်ကွက်၊ မြိတ်လမ်း၊ ဘောလုံးကွင်းရှေ့တွင် ပိတောက်ပင်၊ စိန်ပန်းပင်၊ ကုက္ကိုပင်၊ မလေးရှားပိတောက်ပင်စသည့် သစ်ပင်လေးပင်လဲကျမှုဖြစ်ပွားခဲ့ကာ လုံးပတ် ၂ ပေခန့်ရှိသော ပိတောက်ပင်မှာ မောင်းနှင်လာသော TOYOTA COROLLA CROSS အဖြူရောင်ယာဥ်ပေါ် ပိကျကာ ပျက်စီးခဲ့ကြောင်းသိရသလို သစ်ပင်များလဲကျမှုကို မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဘေးတွဲဆိုင်ကယ်ပေါ် သစ်ပင် ပိမိ၍ မောင်းနှင်သူ အသက် ၃၉ နှစ်အရွယ် အမျိုးသားကြီး၏ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိသဖြင့် ပိတောက်ကွေ့လူမှုကူညီရေး အသင်းဝင်များက သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
ယင်းနေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၅၈)ရပ်ကွက်၊ ဦးအုန်းလွင်လမ်းနှင့် (၆၀)ရပ်ကွက်၊ ရွှေအုန်းပင်လမ်းတို့တွင် သစ်ပင်များ လဲကျမှုများဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။





