◾ ဥရောပသမဂ္ဂ၏ ရုရှားအပေါ် ပိတ်ဆို့မှုအသစ်များ အဆိုပြုမှုက ညီညွတ်မှုမရှိသောထောက်ခံမှုနှင့် ရင်ဆိုင်နေရ
၂၀.၇.၂၀၂၅
Translated by Htwe Ko Tun
ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရများက ရုရှားအပေါ် ပိတ်ဆို့မှုများ ထပ်မံမြှင့်တင်မှုက ရုရှားနိုင်ငံနှင့် ကုန်သွယ်မှုမှ ဝင်ငွေရရှိနေဆဲဖြစ်သော ၎င်းတို့နိုင်ငံများ၏ ဦးဆောင်ကုမ္ပဏီများကို ထိခိုက်စေနိုင်သည်ကို စိုးရိမ်လာကြသည်နှင့်အမျှ ဥရောပသမဂ္ဂအတွင်း ရုရှားဆန့်ကျင်ရေး ပိတ်ဆို့မှု အသစ်များအတွက် ထောက်ခံမှု အားနည်းလာကြောင်း Financial Times(FT) သတင်းစာက ဇူလိုင်လ ၁၉ ရက်တွင် သတင်းရင်းမြစ်များကို ကိုးကားဖော်ပြခဲ့သည်။
FT သတင်းစာ အဆိုအရ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသော ဩစတြီးယား၊ ဂျာမနီ၊ ဂရိ၊ အီတလီ၊ ပေါ်တူဂီနှင့် ပြင်သစ်အပါအဝင် နိုင်ငံအများအပြားသည် ရုရှားအပေါ် ၂၁ ကြိမ်မြောက် ပိတ်ဆို့မှုမှ ကင်းလွတ်ခွင့်များရရှိရန် သို့မဟုတ် ဥရောပကော်မရှင်က အဆိုပြုထားသော ပိတ်ဆို့မှု အစီအမံအသစ်များကို ဆန့်ကျင်ရန် ကြိုးပမ်းခဲ့ကြသည်။

ဥရောပကော်မရှင်၏ ရုရှား သဘာဝဓာတ်ငွေ့ရည် LNG သယ်ယူပို့ဆောင်ရေး ပိတ်ပင်မှု အဆိုပြုချက်က ၎င်း၏ ကမ္ဘာ့အကြီးဆုံး LNG သင်္ဘောကုမ္ပဏီ Dynagas ကို ထိခိုက်စေနိုင်သောကြောင့် ဂရိနိုင်ငံက ပိတ်ဆို့မှုအသစ်များကို ဆန့်ကျင်ခဲ့ကြောင်း FT က ဖော်ပြခဲ့သည်။
ဂျာမနီနှင့် ပေါ်တူဂီတို့ကလည်း ၎င်းတို့၏ ပြည်တွင်းရှိ ငါးပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းများကို ထောက်ပံ့ရန် လိုအပ်သည့်အတွက် ရုရှားအပေါ် အဆိုပြုထားသော ပိတ်ဆို့မှု အစီအမံအသစ်များကို ရုရှားနိုင်ငံမှ ငြင်းခုံမှုများပြုနေပြီး ရုရှားနိုင်ငံမှ ငါးတင်သွင်းမှု ကန့်သတ်ချက်များမှ ကင်းလွတ်ခွင့်များ ရရှိရေး ရှာဖွေကြိုးပမ်းနေကြသည်။
ထို့ပြင် ဥရောပ၏ဦးဆောင်ခရီးသွားနေရာနှစ်ခုဖြစ်သော ပြင်သစ်နှင့်အီတလီတို့ကလည်း ရုရှားနိုင်ငံသားများအပေါ် ပိုမိုသက်ညှာသော ပြည်ဝင်ခွင့်ဗီဇာမူဝါဒကို လိုလားလျက်ရှိကြကြောင်း သတင်းစာက ထပ်လောင်းပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဩစတြီးယားနိုင်ငံကလည်း ၎င်းနိုင်ငံ၏ Raiffeisen Bank ကို လျော်ကြေးပေးရန် ရုရှားနိုင်ငံမှ ချမှတ်ခဲ့သော ဒဏ်ငွေကိုပေးဆောင်ရန်အတွက် ယူရို နှစ်ဘီလီယံတန်ဖိုးရှိ ရုရှား ပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားခြင်းအား ဖြေလျှော့ပေးရန် ထပ်မံ တောင်း ဆိုခဲ့သည်။
ဤသို့ ငြင်းခုံမှုများရှိနေခြင်းကြောင့်လည်း ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများသည် ရုရှားနိုင်ငံအပေါ် ၂၁ ခုမြောက် ပိတ်ဆို့မှုအစီအစဉ်သစ်ကို ဇူလိုင်လ ၁၅ ရက်တွင် သဘောတူညီမှု မရရှိခဲ့ဘဲ ဆွေးနွေးပွဲများကို ဇူလိုင်လ ၂၃ ရက်အထိ ရွှေ့ဆိုင်းခဲ့ရသည်။
အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရများအနေဖြင့် ၎င်းတို့နိုင်ငံများမှ စီးပွားရေးလုပ်ငန်းများကို ထိခိုက်စေနိုင်သည့် ရုရှားအပေါ်ပိတ်ဆို့မှုအစီအမံသစ်များကို ထောက်ခံရန် ငြင်းဆန်နေကြသောကြောင့် ရုရှားကို ပစ်မှတ်ထားသော စီးပွားရေးပိတ်ဆို့မှုအသစ်များမှာ ညီညွတ်မှုမရှိသောထောက်ခံမှုနှင့် ရင်ဆိုင်နေရကြောင်း သံတမန်များက သတိပေးခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားသည့် နောက်ပိုင်း ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများက ရုရှားအစိုးရ၏စစ်ပွဲကို ထောက်ပံ့ပေးသည့် ငွေကြေးစီးဆင်းမှုကို ရပ်တန့်ရန် ရည်ရွယ်ခဲ့သည်။ သို့သော် အဖွဲ့ဝင်အစိုးရများ၏ တောင်းဆိုမှုများကြောင့် ဥရောပသည် ရုရှားနှင့် ကုန်သွယ်မှုမှ ငွေရှာနေဆဲဖြစ်သော EU ကုမ္ပဏီများအပေါ် သက်ရောက်မှုများကို သည်းခံရန် ဆန္ဒမရှိတော့ကြောင်း စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်ဟု ဆွေးနွေးပွဲတွင် ပါဝင်သော EU သံတမန်ငါးဦးက ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂအနေဖြင့် တညီတညွတ်တည်း ထောက်ခံမှုမရှိဘဲ ပိတ်ဆို့အရေးယူမှုများ ချမှတ်နိုင်မည် မဟုတ်ပေ။ ဗီတိုအာဏာဖြင့် ပယ်ချမှုများကြောင့် ပြီးခဲ့သည့်အပတ်က ဘရပ်ဆဲလ်တွင် အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများအကြား လေးရက်ကြာ ဆွေးနွေးမှုများက သဘောတူညီချက် တစ်စုံတစ်ရာ မရရှိဘဲ ပြီးဆုံးခဲ့ရသည်။
၎င်းကြောင့် အဖွဲ့တွင်းစည်းလုံးညီညွတ်မှုအဆင့် ကျဆင်းလာခြင်း၊ ယူကရိန်းကို ထောက်ခံရန် ဆုံးဖြတ်ချက် အားနည်းလာခြင်းနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် မကြာမီ ပေါ်ပေါက်လာနိုင်သည်ဟူသော ယူဆချက်များက ဥရောပသမဂ္ဂအဖို့ ခက်ခဲသော ဆုံးဖြတ်ချက်များ ချမှတ်ရန် ထိခိုက်စေသည်ဟူသော စိုးရိမ်မှုများပင် ပေါ်ပေါက်လာစေခဲ့သည်။
ဥရောပသမဂ္ဂ သံတမန်တစ်ဦးကလည်း “ခုလိုဖြစ်နေတာက ရုရှားအပေါ် ပိတ်ဆို့မှုတစ်ခုလုံးအတွက် အဓိကအကျပ်အတည်းတစ်ခုဖြစ်ပါတယ်။ နိုင်ငံတိုင်းက ဖြေလျှော့မှုတွေနဲ့ လစ်ဟာချက်တွေကို တောင်းဆိုလာမယ်ဆိုရင် လုပ်ငန်းစဉ်ရဲ့အဆုံးမှာတော့ ပိတ်ဆို့မှုတစ်ခုချင်းစီက ဘာမှထူးခြားတဲ့ အနှစ်သာရ ရလဒ်ကောင်းကောင်း မရှိတဲ့ ဗလာသေတ္တာတစ်လုံးသာဖြစ်လိမ့်မယ်” ဟု ပြောကြားခဲ့သည်။
ထို့ကြောင့်လည်း ဥရောပသမဂ္ဂ၏ ရုရှားအပေါ် ပိတ်ဆို့မှုအသစ်များ အဆိုပြုမှုက ထောက်ခံမှုပြိုကွဲခြင်းကြောင့် ရည်ရွယ်ချက်အတိုင်း အောင်မြင်ပါမည်လော သံသယဖြစ်ဖွယ်ဟုပင် ဆိုရပေမည်။
Ref : Financial Times
