၂၂.၇.၂၀၂၆
Translated by Htwe Ko Tun
မကြာသေးမီရက်တွေအတွင်း ကိယက်ဗ်နဲ့ အခြားယူကရိန်းမြို့တွေမှာ ကြီးမားတဲ့ဆန္ဒပြပွဲကြီးတွေ ဖြစ်ခဲ့ပြီးနောက်မှာတော့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ယူကရိန်းစစ်တပ်ရဲ့ အကြီးအကဲကာကွယ်ရေးဦးစီးချုပ် အိုလက်ဆန် ဆာစကီးရီးကို ရာထူးမှ ဖယ်ရှားတယ်လို့ ဇူလိုင်လ ၂၁ ရက်မှာ ကြေညာခဲ့ပါတယ်။
ဇယ်လန်စကီးက “ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ကာကွယ်ရေးဦးစီးချုပ်အသစ်အဖြစ် မီခေးလိုး ဒရာပတ်တီကို တာဝန်ပေးဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါပြီ။ ယူကရိန်းရဲ့ ခိုင်မာတဲ့ ရှေ့တန်းရပ်တည်ချက်တွေအတွက် အိုလက်ဆန် ဆာစကီးရီးနဲ့ ကျွန်တော်တို့ရဲ့ စစ်သည်တစ်ဦးချင်းစီကို ကျေးဇူးတင်ပါတယ်”လို့ Telegram မှာ ရေးသားခဲ့ပါတယ်။

သူက “ကျွန်တော်တို့ရဲ့ ဘုံဆန္ဒက ရန်သူအပေါ် အောင်ပွဲခံနိုင်ဖို့၊ ရှေ့တန်းအခြေအနေတွေနဲ့ ရုရှားကို ငြိမ်းချမ်းရေးဆီကို တွန်းအားပေးမယ့် ဖိအားတွေဖြစ်ပါတယ်။ ယူကရိန်းဟာ အရေးပါတဲ့လမ်းကြောင်း တစ်ခုကိုလျှောက်လှမ်းခဲ့ပြီး ယူကရိန်းရဲ့ကာကွယ်ရေးကိုလည်း ဆက်လက်လုပ်ဆောင်နေကာ စစ်သည်တိုင်းဟာ ဂုဏ်သိက္ခာရှိတဲ့ ဆက်ဆံမှုကို ခံထိုက်ပါတယ်”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဇယ်လန်စကီးဟာ ပြီးခဲ့တဲ့အပတ်က ကာကွယ်ရေးဝန်ကြီး မီခေးလိုး ဖီဒိုရော့ဗ်ကို ရာထူးကနေ ထုတ်ပယ်လိုက်တဲ့အတွက် ဝေဖန်မှုတွေ မြင့်တက်ကာ ဆန္ဒပြမှုတွေ မြင့်တက်လာတာနဲ့အမျှ ခုလို ကာကွယ်ရေးဦးစီးချုပ်ကိုလည်း ရာထူးမှ ဖယ်ရှားခဲ့ရတာပါ။
သူ့ကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် အသက် ၃၅ နှစ်အရွယ် ဖီဒိုရော့ဗ်က သူနဲ့ အိုလက်ဆန် ဆာစကီးရီးတို့ကြား ပဋိပက္ခကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူတို့ရဲ့ အငြင်းပွားမှုဟာ အဓိကအားဖြင့် ရုရှားနဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုကို ဆန့်ကျင်တဲ့ ယူကရိန်းရဲ့ စစ်ပွဲကြိုးပမ်းမှုတစ်ခုနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတစ်ခုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဖီဒိုရော့ဗ်က ဆာစကီးရီးဟာ ယူကရိန်းတပ်မတော်ကို ပြုပြင်ပြောင်းလဲရေးနဲ့ ခေတ်မီအောင် လုပ်ဆောင်ဖို့ ကြိုးပမ်းမှုတွေကို ပိတ်ဆို့နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
ဖီဒိုရော့ဗ်ကို ရာထူးကနေ ထုတ်ပယ်လိုက်တဲ့အတွက် ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်နဲ့ တခြားမြို့တွေမှာ လူငယ်အများစုပါဝင်တဲ့ ထောင်ပေါင်းများစွာသော လူတွေက ဆန္ဒပြခဲ့ကြပါတယ်။ သူတို့က ဆာစကီးရီးကို ရာထူးကနေ ထုတ်ပယ်ပြီး ဖီဒိုရော့ဗ်ကို ပြန်လည်ခန့်အပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
အစပိုင်းမှာ ဆာစကီးရီး ဘက်က ရပ်တည်ခဲ့တဲ့ သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးဟာ ယူကရိန်းရဲ့ ထိပ်တန်းစစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ရက်အတော်ကြာ တွေ့ဆုံပြီးနောက် ဇူလိုင်လ ၂၁ ရက်က လူထုဖိအားကို နောက်ဆုံးမှာ လက်ခံခဲ့တာပါပဲ။
အသက် ၆၀ နှစ် အရွယ် ဆာစကီးရီးဟာ ရုရှားမှာ မွေးဖွားခဲ့ပြီး ဆိုဗီယက်ခေတ်အတွင်း မော်စကိုမှာ လေ့ကျင့်သင်ကြားခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ ကိယက်ဗ်မြို့သို့ ရုရှား၏ ကနဦးချီတက်မှုကို ရပ်တန့်စေတာနဲ့ ၂၀၂၄ ခုနှစ်မှာ ရုရှားနိုင်ငံ၊ ကာ့စ်မြို့ကို ယူကရိန်းရဲ့ တိုက်ခိုက်မှုကို ဦးဆောင်တာအပါအဝင် ယူကရိန်းရဲ့ အပြတ်သားဆုံး စစ်ဆင်ရေးအချို့ကို ဦးဆောင်ခဲ့သူပါ။
ဒါပေမယ့် သူက ဒရုန်းတွေနဲ့ နည်းပညာအသုံးပြုမှုအပါအဝင် ကိစ္စရပ်အမျိုးမျိုးမှာ ပြုပြင်ပြောင်းလဲရေးသမားတွေနဲ့ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။
ပြုပြင်ပြောင်းလဲရေးသမား ဖီဒိုရော့ဗ်ဟာ ရုရှားရှိပစ်မှတ်တွေကို ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေနဲ့ ဆက်စပ်နေပြီး ဒီတိုက်ခိုက်မှုတွေက စစ်ပွဲရဲ့ အလေးသာမှုကို ပြောင်းလဲဖို့ ကူညီပေးခဲ့ကာ အနောက်နိုင်ငံတွေကတောင် ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးဂုဏ်ပြုတာကို ခံခဲ့ရပါတယ်။
ယူကရိန်းရဲ့ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဆာစကီးရီး ရဲ့နေရာကို အသက် ၄၃ နှစ်ရှိ ဒရာပတ်တီနဲ့ အစားထိုးတာက နိုင်ငံအတွက် လတ်ဆတ်သော မျှော်လင့်ချက် ကို ယူဆောင်လာပေးသည်လို့ ဖီဒိုရော့ဗ်က ပြောကြားခဲ့ ပါတယ်။
“ဒါဟာ လတ်ဆတ်တဲ့လေတစ်ချက်နဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုအတွက် လွတ်လပ်တဲ့ ပြည်သူတွေရဲ့ တိုက်ပွဲမှာ မျှော်လင့်ချက်အသစ်တစ်ခုပါပဲ၊” လို့ ဖီဒိုရော့ဗ်က လူမှုမီဒီယာမှာ ပြောကြားခဲ့ပါတယ်။
Ref-DW News
