၂၀.၇.၂၀၂၆
Written by Linn Eain
မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာရှိ ကော်စေ့လုပ်ငန်းတစ်ခုတွင် လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ကျပ်သန်း ၃၀၀ ကျော်ပေးဆောင်ခိုင်းထားပြီး မီတာအား ဖြုတ်သိမ်းထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအနေဖြင့် တရားမဝင်နည်းဖြင့် လျှပ်စစ်ဓာတ်အားရယူသုံးစွဲမှုများကို စောင့်ကြည့် စစ်ဆေးဖော်ထုတ်လျက်ရှိသည်။

ထိုသို့ စစ်ဆေးဖော်ထုတ်မှုအရ ဇူလိုင် ၁၃ ရက်တွင် ဝါးနက်ချောင်းကျေးရွာရှိ မီတာအမည်ပေါက် ဦးစန်းဦး၏ ကော်စေ့လုပ်ငန်းတွင် အသုံးပြုထားသော Transformer နှင့် တွဲဖက်တပ်ဆင်ထားသည့် Digital Meter ၏ Cover Seal ပြုပြင်ထားပြီး လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် မီတာအား ချက်ချင်းဖြုတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ကော်စေ့လုပ်ငန်းတွင် ခိုးယူသုံးစွဲမှုကြောင့် လျှပ်စစ်ဓာတ်အား ယူနစ် ၄ သိန်း ၄ သောင်းကျော် နစ်နာဆုံးရှုံးခဲ့ရပြီး လျော်ကြေးနှင့် ဒဏ်ကြေးငွေကျပ် (၃၀၁,၈၉၃,၅၇၅)(ကျပ်သုံးရာ့တစ်သန်းရှစ်သိန်းကိုးသောင်း သုံးထောင် ငါးရာ ခုနစ်ဆယ့်ငါးကျပ်တိတိ) အား ပေးဆောင်စေမည်ဖြစ်ကြောင်း၊ ထို့အပြင် လျှပ်စစ်ဥပဒေအရ (၆) လဓာတ်အားပေးခြင်းအား ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုလျော်ကြေး၊ ဒဏ်ကြေးငွေအား ၁၄ ရက်အတွင်း မသွင်းပါက လျှပ်စစ်ဥပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အားခိုးယူအသုံးပြုမှုများကို Control Center များမှ စောင့်ကြည့်စစ်ဆေးဖော်ထုတ်နိုင်ခြင်းနှင့် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများ ထူးကဲစွာ တိုးမြင့်ရရှိလာသည့်အတွက် ပိုမိုဖော်ထုတ်လာနိုင်ကြောင်း သိရသည်။
ထို့ကြောင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားစနစ် တိုးတက် ဖွံ့ဖြိုးလာစေရေးအတွက် များစွာအထောက်အပံ့ဖြစ်စေလျက်ရှိရာ ပြည်သူများအနေဖြင့် ပိုမို၍ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ မေတ္တာရပ်ခံထားကြောင်း သိရသည်။

