၂၀. ၇.၂၀၂၆
Written by KL
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ တာလုံရွာအနီးရှိ တာလုံဇက်ဆိပ်တွင် စက်လှေကြိုးပြတ်၍ စက်လှေနှင့်အတူ မော်တော်ယာဥ်တစ်စီးနှင့် ခရီးသည်ငါးဦး ရေစီးနှင့်မျောပါ နစ်မြုပ်ပျောက်ဆုံးမှု ဇူလိုင်လ ၁၉ ရက် နံနက် ၂ နာရီခွဲက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မော်တော်ယာဥ်တစ်စီး၊ ခရီးသည် ငါးဦးနှင့် စက်လှေမောင်းသူနှစ်ဦးတို့က သီပေါမြို့ တာလုံဇက်ဆိပ်မှ ဒုတ္ထဝတီမြစ်တစ်ဖက်ကမ်း ကျောက်မဲမြို့သို့ စက်လှေဖြင့် ဖြတ်ကူးစဥ် စက်လှေကြိုးပြတ်ရာမှ ရေစီးနှင့်အတူ စက်လှေနှင့်ကားပါ နစ်မြုပ်မျောပါခဲ့ရာ စက်လှေမောင်းသူနှစ်ဦးသာ အသက်ရှင်လျက် လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မိုးလည်း ရွာထားတော့ ရေစီးကလည်း အရမ်းကြမ်းတယ်။ မျောသွားတဲ့လူတွေကို ပြန်တော့မတွေ့သေးဘူး “ဟု ဒေသခံတစ်ဦးကပြောသည်။
လားရှိုး-သီပေါကြား၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သီပေါတံတားကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှစ၍ လူအများကိုသာ သွားလာခွင့်ပြုထားပြီး ကုန်ပစ္စည်းနှင့် မော်တော်ယာဥ်များကို ဖြတ်သန်းသွားလာခွင့်ကို ယနေ့အထိ တားမြစ်ထားကြောင်း သိရသည်။
ဒေသခံများက သီပေါမြို့ရှိ တာလုံဇက်ဆိပ်ကို အသုံးပြုကာ သွားလာကြပြီး လူတစ်ဦးလျှင် ကျပ်တစ်သောင်း၊ ဆိုင်ကယ်တစ်စီးလျှင် ကျပ်တစ်သောင်းခွဲမှ နှစ်သောင်း၊ ကားအရွယ်အစားအလိုက် တစ်စီးလျှင် ကျပ်ငါးသောင်းမှ သုံးသိန်းအထိ ပေးရသဖြင့် သွားလာစရိတ် ကြီးမြင့်မှုကို ကြုံတွေနေရပြီး ဘေးကင်းလုံခြုံမှုအတွက်လည်း စိုးရိမ်ရကြောင်း သိရသည်။
ပြည်သူများဘေးအန္တရာယ်ကင်းစွာ သွားလာနိုင်ရေး၊ သက်ကြီးရွယ်အိုများနှင့် အရေးပေါ်ဆေးကုသရန်လိုအပ်သော လူနာများအတွက် သယ်ယူပို့ဆောင်ပေးရာတွင် အဆင်ပြေစေရေးအတွက် ခရီးသည်တင်ယာဥ်နှင့် လူနာတင်ယာဥ်များကို သီပေါတံတားမှ ဖြတ်သန်းသွားလာခွင့်ပြုစေလိုကြောင်း ဒေသခံများက ပြောသည်။


