နေမိုး
၂၁. ၇. ၂၀၂၆
ခြံစောင့်လုပ်သည့် လက်နက်မဲ့ အမျိုးသားတစ်ဦးကို PDF နှစ်ဦးက ဒလန်ဟုသမုတ်ကာ ဦးခေါင်းကို သေနတ်ဖြင့်ပစ်သတ်လိုက်မှု ဆင်ပေါင်ဝဲမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။
NUG ဩဇာခံ မကွေး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၉ ရက် ညနေ ၄ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဂွေးချိုကျေးရွာနေ ဦးမြင့်ကိုဦး(၄၅)နှစ်သည် ကျေးရွာ၏မြောက်ဘက် ၂ မိုင်ခန့်အကွာ ၎င်းခြံစောင့်လုပ်ကိုင်သည့် ခြံဝင်းအတွင်း၌ ရှိနေစဉ် PDF နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဒလန်ဟု သမုတ်ကာ ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ဦးခေါင်းပွင့်ထွက် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၁၀၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကာ ၁၅၀၀၀ အထက် ဒဏ်ရာရရှိခဲ့သည်။
