နေမိုး
၂၁. ၇. ၂၀၂၆
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ခိုင်မာစေရန်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးရှေးရှုလျက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုအရှိန်အဟုန်ကို မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ပိုမိုထိရောက်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ချမှတ်နိုင်ရန်နှင့် ရရှိပြီးသား ဆွေးနွေးမှုရလဒ်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်မည့်နည်းလမ်းများ ရှာဖွေဖော်ထုတ် ရန်ရည်ရွယ်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(NCA-S EAOs)တို့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပသည်။


ဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့်ကော်မတီဝင်များ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAOs) ၏ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး(၁) စဝ်စိုင်းငင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီအတွင်းရေးမှူး(၁) စောကျော်ညွန့်၊ မွန်ပြည်သစ်ပါတီ(NMSP) ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေး၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) စစ်ရေးချုပ် စောစိန်ဝင်း၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) အထွေထွေအတွင်းရေးမှူး ကျာယာကုတ်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အထွေထွေအတွင်းရေးမှူး စောမြသန္တာ၊ ညှိနှိုင်းရေးမှူးများ ဖြစ်ကြသော ဦးမျိုးဝင်းနှင့်နန်းယဉ်ယဉ်စိုးတို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဖိတ်ကြားမှုအခြေအနေ၊ ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမည့်အခြေအနေ၊ NCA မှခွဲထွက်သွားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမည့်အခြေအနေ၊ NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များစုစည်း၍ ဒေသတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်မည့် အခြေအနေ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် Bilateral တွေ့ဆုံဆွေးနွေးခဲ့သည့် အခြေအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်နိုင်ရေးကိစ္စများကို ပြောကြားသည်။


ထို့နောက် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAOs)၏ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)အတွင်းရေးမှူး(၁) စဝ်စိုင်းငင်းက ယနေ့ဆွေးနွေးပွဲသည် အလွတ်သဘောတွေ့ဆုံပွဲမှတစ်ဆင့် ဖြစ်ပေါ် လာခြင်းဖြစ်ကြောင်း၊ အစိုးရသစ်၏ရက် ၁၀၀ အတွင်း ညှိနှိုင်းရေးကော်မတီ၏ ငြိမ်းချမ်းရေးဆောင်ရွက်ချက်များသည် ထင်ထားသည်ထက် ပိုမိုဆောင်ရွက်နိုင် သည်ကိုတွေ့ရပြီး တွေ့ဆုံခြင်းနည်းလမ်းအား အလေးထားဆောင်ရွက်သည်ကိုတွေ့ရကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်လာနိုင်စေရေးအတွက် နှစ်ဖက် ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့်ငြိမ်းချမ်းရေးအတွက် ရလဒ်ကောင်းများရလာမည်ဟု မျှော်လင့်ကြောင်းပြောကြားသည်။
ယင်းနောက် ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က NCA ၏ အဆင့်အတန်းနှင့် တရားဝင်မှု၊ ညှိနှိုင်းရေးကော်မတီအနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက NCA ကို အခြေခံသောအားလုံးပါဝင်နိုင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုဖော်ထုတ်ရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒနှင့်လုပ်ငန်းစဉ်များ၊ ယန္တရားများကိုအဆင့်ဆင့် ချမှတ်ဆောင်ရွက်နိုင်ရေး၊ ယုံကြည်မှုတည်ဆောက်ရေး အစီအစဉ်ဖော်ဆောင်နိုင်ရေး၊ သက်ဆိုင်သူများအားလုံး ပိုမိုပါဝင်လာနိုင်စေရေး၊ စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရေး၊ ကြားကာလ အစီအစဉ် ချမှတ်နိုင်ရေး၊ ထိရောက်သည့် ဆွေးနွေးပွဲများဖြစ်လာစေရန် ပုံမှန်ဆက်သွယ်ရေးလမ်းကြောင်း ဆောင်ရွက်ရေး၊ ပူးတွဲလေ့လာရေးအစီအစဉ်များ ဆောင်ရွက်နိုင်ရေး၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ ဒေသခံပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးအသီးအပွင့်များ ခံစားနိုင်ရန်အတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတကာအကူအညီများရရှိနိုင်ရေးနှင့် သက်ဆိုင်သူများအားလုံး ပါဝင်နိုင်မည့် အစည်းအဝေးကျင်းပရာနေရာ ရွေးချယ်ဆောင်ရွက်နိုင်ရေးတို့အား အကြံပြုဆွေးနွေးကြကာ တွေ့ဆုံဆွေးနွေးပွဲပထမနေ့ကို ရပ်နားခဲ့သည်။ ဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့ ဇူလိုင် ၂၁ ရက်တွင် ဆက်လက်ကျင်းပနေကြောင်း သိရသည်။

