နေမိုး
၂၁. ၇. ၂၀၂၆
သွေးကြွေးတွင် ဆွေးနွေးစရာမရှိဟု ကြွေးကြော်ကာ ပြည်သူများကို ငါးနှစ်ကြာ သေတွင်းပို့ခဲ့သော်လည်း ယခုမူ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းများဖြင့်သာ ဖြေရှင်းရမည်ဟု ယုံကြည်ထားကြောင်း ပြန်လည် မှတ်ပုံမတင်သဖြင့် တရားဝင်ပါတီမဟုတ်တော့သည့် NLD ပါတီ၏ ဗဟိုအလုပ်ကော်မတီက ပြောင်းလဲ ကြေညာလာသည်။
ပြည်ပထွက်ပြေးသူများဖြင့် ဖွဲ့စည်းထားသော်လည်း NLD ပါတီ၏ Official Page ကို ခိုးယူသုံးစွဲနေသည်ဟု ပြောဆိုခံနေရသည့် NLD ဗဟိုအလုပ်ကော်မတီသည် ယခင်က သွေးကြွေးမှာ ဆွေးနွေးစရာမရှိဟု ကြုံးဝါးခဲ့ကာ CRPH, NUG နှင့် PDF များကို ဖွဲ့စည်းပြီး ပြည်တွင်းနေရာအနှံ့ တိုက်ပွဲများနှင့် ပြည်သူလူထုအား သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ရာမှ ဇူလိုင် ၂၀ ရက် ထုတ်ပြန်ချက်တွင်မူ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းများဖြင့်သာ ဖြေရှင်းရမည်ဟု ယုံကြည်ထားပြီး တွေ့ဆုံညှိနှိုင်းအဖြေရှာရေးမူကိုသာ အစဉ်အမြဲ ကိုင်စွဲထားပါသည်။ သို့ဖြစ်ပါ၍ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် ပြည်သူ့ဆန္ဒ၊ ဒီမိုကရေစီအခြေခံမူများနှင့် ဥပဒေစိုးမိုးရေးတို့ကို အခြေခံရမည်ဟု ယုံကြည်ကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။”ဟု ထည့်သွင်းဖော်ပြကာ တပ်မတော်၊ အစိုးရနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း ဖော်ပြလာခြင်းဖြစ်သည်။
ထို့အပြင် အကြမ်းဖက်မှုများကို ငါးနှစ်ကျော် ဦးဆောင်ကျူးလွန်ခဲ့သော NLD ဗဟိုအလုပ်ကော်မတီထုတ်ပြန်ချက်တွင် “မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး အတွက် ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံနှင့် မိတ်ဆွေနိုင်ငံများ၏ အပြုသဘောဆောင် ကြိုးပမ်းမှုများကို ကြိုဆိုပါသည်။ အထူးသဖြင့် အာဆီယံ၏ဘုံသဘောတူညီချက် (၅) ချက်သည် မြန်မာ့အရေးကို ဖြေရှင်းရာ၌ အဓိကမူဘောင်အဖြစ် ဆက်လက်တည်ရှိကြောင်း ထပ်မံအတည်ပြုခဲ့ခြင်းကို ကြိုဆိုပါသည်။”ဟုလည်း ဖော်ပြခဲ့သည်။
ထိုသို့ တပ်မတော်၊ အစိုးရနှင့် ငြိမ်းချမ်းစွာဆွေးနွေးလိုပါက မည်သည့်အတွက်ကြောင့် နိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများ ဦးဆောင်ကျူးလွန်ခဲ့သနည်းဆိုသော မေးခွန်းများကိုလည်း NLD ဗဟိုအလုပ်ကော်မတီထုတ်ပြန်ချက်အောက် ပြည်သူများက မေးခွန်းထုတ်နေပြီး Lynn Tun အကောင့်ပိုင်ရှင်က “CRPH , NUG နဲ့ PDF တို့ဟာ NLD ပါတီနှင့် သက်ဆိုင်ခြင်းမရှိ။ ၎င်းတို့ကို NLD ပါတီက အသတ်အမှတ်မပြု။ ၎င်းတို့ရဲ့လက်နက်ကိုင်လမ်းစဥ်ကို ဆန့်ကျင်ကန့်ကွက်ပါတယ်လို့ ဆိုလိုချင်တာလား”ဟု မေးခွန်းထုတ်ထားသလို “မူဝါဒ၊ ရပ်တည်ချက်၊ ခံယူချက် ဘာမှလေးလေးနက်နက်မရှိတဲ့ပါတီ။ ဒေါ်စုပုံကို အလွဲသုံးစားလုပ်။ လူထုထောက်ခံမှုကိုလိမ်ယူခဲ့တဲ့ပါတီ။ လူထုကိုအမြဲလိမ်ခဲ့တဲ့ပါတီ။ ကိုယ့်သမိုင်းကိုယ်ရေးကြတာပေါ့ကွာ”ခါး အကောင့်ပိုင်ရှင်က ဝေဖန်ထားသည့်အပြင် Arkar Myint Myat အကောင့်ပိုင်ရှင်ကလည်း “နောက်ဆုံးမှာတော့ (အားလုံးပါ၀င်တဲ့) စစ်တပ် (တပ်မတော်) ဖိတ်ခေါ်တဲ့စကားဝိုင်းမှာ ထိုင်ဖို့အရေး၊ ထိုင်ရရေးပါပဲ”ဟု မှတ်ချက်ပြုထားသည်ကို တွေ့ရသည်။
