သက်တံ့
၂၁. ၇. ၂၀၂၆
မလေးရှားနိုင်ငံ၊ ဆီလန်ဂေါပြည်နယ်၏ ဆိပ်ကမ်းမြို့ဖြစ်သော ကလန်းမြို့တွင် ယခုလဆန်းပိုင်းက မြန်မာနိုင်ငံသားအချင်းချင်း သတ်ဖြတ်မှုဖြင့် မြန်မာစက်ရုံအလုပ်သမားတစ်ဦးအား ကလန်းမြို့နယ်တရားရုံးက ယနေ့ စွဲချက်တင်လိုက်ကြောင်း သိရသည်။
Kosmo! Online ၏ သတင်းဖော်ပြချက်အရ အသက် ၃၂ နှစ်အရွယ် စွပ်စွဲခံရသူ မောင်မောင်သည် တရားသူကြီး Nor Azilah Mat ရှေ့မှောက်တွင် စကားပြန်မှတစ်ဆင့် မြန်မာဘာသာဖြင့် လူသတ်မှုကျူးလွန်ခြင်းအတွက် စွဲချက်ဖတ်ပြသည်ကို နားလည်ကြောင်း ဝန်ခံခဲ့သည်။
ဤအမှုသည် မလေးရှားတရားလွှတ်တော်၏ စီရင်ပိုင်ခွင့်အောက်တွင် ကျရောက်သောကြောင့် မည်သည့် ထွက်ဆိုချက်မျှ သီးသန့်မှတ်တမ်းတင်ခြင်း မရှိသေးပေ။
စွဲချက်အရ မောင်မောင်သည် ဇူလိုင် ၅ ရက် ည ၉ နာရီခွဲမှ ၁၀ နာရီအတွင်း Port Klang ရှိ Kampung Tengah Telok Gong၊ Jalan Tengah လမ်း၏ နေရာတစ်ခုတွင် မြန်မာနိုင်ငံသားတစ်ဦးဖြစ်သော မျိုးသန်းနိုင် ဆိုသူအား သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရခြင်းဖြစ်သည်။
အဆိုပါစွဲချက်ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ ဖြင့် စွဲချက်တင်ထားပြီး၊ ပြစ်ဒဏ်ထင်ရှားပါက သေဒဏ် သို့မဟုတ် ထောင်ဒဏ် အနှစ် ၃၀ မှ ၄၀ အထိ ကျခံရနိုင်ခြေရှိကာ သေဒဏ်မကျပါက အနည်းဆုံး ကြာပွတ်ဒဏ် ၁၂ ချက် အပြစ်ပေးခံရမည် ဖြစ်သည်။
တရားလိုပြအစိုးရရှေ့နေအဖြစ် ဒုတိယပြည်သူ့ရှေ့နေလည်းဖြစ်သည့် ရဲအုပ် Mohamad Rabiul Awal Ishak က ဆောင်ရွက်ခဲ့ပြီး တရားစွဲခံရသူဘက်တွင် တရားလွှတ်တော်ရှေ့နေ ပါဝင်လာခြင်း မရှိသေးပေ။
တရားသူကြီး Nor Azilah က အမှုအား ထပ်မံကြားနာစစ်ဆေးရန်အတွက် စက်တင်ဘာ ၁၅ ရက် ကို ရုံးချိန်းအဖြစ် သတ်မှတ်ပေးခဲ့သည်။
Ref : Malay Mail & Bernama
