၂၁.၇.၂၀၂၆
Written by Linn Eain
ပုဆိန်နှင့် လက်လုပ်မှိန်း ကိုင်ဆောင်ရမ်းကားနေသူ အမျိုးသားတစ်ဦးကို ဒေါပုံမြို့နယ်တွင်လည်းကောင်း၊ လွယ်အိတ်အတွင်း ဓားဦးချွန်ထည့်ထားသူ အမျိုးသားတစ်ဦးကို ကြည့်မြင်တိုင်မြို့နယ်တွင်လည်ကောင်း ဇူလိုင် ၁၉ ရက်က အသီးသီးဖမ်းဆီးအရေးယူခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။
ဒေါပုံမြို့နယ် ဒေါပုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၉ ရက်က နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ယင်းနေ့ ည ၁၀ နာရီခွဲတွင် ယမုံနာ(၂)ရပ်ကွက် သင်္ဘောကျင်းလမ်းအရောက်၌ နွယ်အေးရပ်ကွက်တွင် နေထိုင်သူ သန်းဝင်းထွန်း(ခ) ကုလားကြီး (၄၃)နှစ်အား အရိုး/အသွား ၁၅ လက်မခန့်ရှိ ပုဆိန်တစ်လက်နှင့် လက်လုပ်မှိန်းတစ်ချောင်း ကိုင်ဆောင် ရမ်းကားနေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သန်းဝင်းထွန်း (ခ)ကုလားကြီးကို ဒေါပုံမြို့မရဲစခန်းတွင် (ပ)၇၈၂/၂၀၂၆၊ လက်နက် ဥပဒေပုဒ်မ ၂၃(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ထို့ပြင် ကြည့်မြင်တိုင်မြို့နယ် ကြည့်မြင်တိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၉ ရက်က နယ်မြေအတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ည ၇ နာရီ ၅၀ မိနစ်တွင် အိုးဘိုရပ်ကွက်၊ စာတိုက်ကားမှတ်တိုင်အနီး၌ မသင်္ကာဖွယ်တွေ့ရှိသူ အဆိုပါရပ်ကွက်နေ စိုးသီဟ(ခ)ဘိုစိုး (၄၁)နှစ်အား စစ်ဆေးခဲ့ရာ ၎င်း၏ လွယ်အိတ်အတွင်းမှ ဓားဦးချွန်တစ်ချောင်းကို တွေ့ရှိသိမ်းဆည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ စိုးသီဟ(ခ)ဘိုစိုးအား ကြည့်မြင်တိုင်မြို့မရဲစခန်းတွင် (ပ) ၃၆၂/၂၀၂၆၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
