သက်တံ့
၂၁. ၇. ၂၀၂၆
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဆီရာချာမြို့နယ်ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်၌ ယမန်နေ့က ဂတ်စ်ပေါက်ကွဲမှုဖြစ်ပွားပြီး အဆောက်အအုံ အစိတ်အပိုင်းအချို့ ပြိုကျခဲ့သဖြင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းနှင့် ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဓာတ်ဆီဆိုင် မီးလောင်နေကြောင်း သတင်းရရှိပြီးနောက် ဆီရာချာမြို့နယ်၊ ဘိုဝင်း (Bo Win) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ စုံစမ်းစစ်ဆေးရေးမှူးများနှင့် အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ဘိုဝင်းကျေးရွာအုပ်စုအတွင်းရှိ ပက်ရွမ်း (Pak Ruam) လမ်းဆုံသို့ ဦးတည်သော လမ်းမကြီး ၃၃၁ ပေါ်ရှိ PTT NGV ဓာတ်ဆီဆိုင်သို့ သွားရောက်ခဲ့ကြသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ဆီဖြည့်သောကားတချို့ ထိခိုက်ပျက်စီးခဲ့သလို ကွန်ကရစ် အပျက်အစီးများနှင့် နံရံအပိုင်းအစများမှာ ဆိုင်ဝင်းအတွင်း ပြန့်ကျဲနေခဲ့သည်။ ပျက်စီးသွားသော အဆောက်အအုံအတွင်း လုပ်သားတစ်ဦး ပိတ်မိနေကြောင်း အစောပိုင်း သတင်းများတွင် ဖော်ပြခဲ့သည်။
ဓာတ်ဆီဆိုင်ဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အရ အခင်းမဖြစ်ပွားမီ မီးလောင်လွယ်သော ဓာတုပစ္စည်းအနံ့ကဲ့သို့ အနံ့တစ်မျိုးကို ဝန်ထမ်းများ သတိပြုမိသဖြင့် စက်ပစ္စည်းများ ပြုပြင်ရန် နည်းပညာရှင်များကို ခေါ်ယူခဲ့ကြောင်း သိရသည်။ နည်းပညာရှင်က ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အပျက်အစီးများမှာ လမ်းမပေါ်အထိ လွင့်စင်သွားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးအဖွဲ့များ အခင်းဖြစ်ပွားရာနေရာသို့ မရောက်ရှိမီအထိ နည်းပညာရှင်နှင့် ဆက်သွယ်ရန် ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ကြောင်း အဆိုပါ ဝန်ထမ်းက ပြောသည်။ နောက်ပိုင်းတွင် ကယ်ဆယ်ရေးသမားများသည် အဆောက်အအုံအတွင်းရှိ တတိယမြောက် ထောက်တိုင်အနီး ပြိုကျနေသော နံရံအောက်၌ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြသည်။ သတင်းထုတ်ပြန်ချိန်အထိ အဆိုပါ အမျိုးသား၏ မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးပေ။ ထို့အတူ အဆိုပါ အမျိုးသားမှာ အဆက်အသွယ်မရရှိသည့် နည်းပညာရှင်မှန်မမှန်ကိုလည်း တရားဝင်ထုတ်ပြန်ပေးခြင်းမရှိသေးချေ။
လက်ရှိတွင် အတွင်း၌ ပိတ်မိနေသူများ ရှိမရှိ ဘေးကင်းစွာ ရှာဖွေနိုင်ရန်အတွက် အခင်းဖြစ်ပွားရာ ဧရိယာ၏ လျှပ်စစ်မီးများကို ဖြတ်တောက်ထားခဲ့သည်။ ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းအရင်းကို ချက်ချင်း မသိရသေးကြောင်း DailyNews က ဖော်ပြခဲ့ပြီး ပေါက်ကွဲမှုကို ဖြစ်ပေါ်စေခဲ့သည့် အကြောင်းရင်းအား အတည်ပြုနိုင်ရန် မှုခင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေးအရာရှိများသည် အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးသွားမည်ဖြစ်သည်။
Ref : Thaiger
