◾ နီပေါနိုင်ငံတွင် ယခုနှစ်မုတ်သုံစတင်သည်မှ သဘာဝဘေးများကြောင့် စုစုပေါင်းလူ ၂၇ ဦး သေဆုံးပြီး တစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကာ ၆၉ ဦး ဒဏ်ရာရ
၂၁.၇.၂၀၂၆
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် မုတ်သုန်မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရုတ်တရက်ရေကြီးရေလျှံမှုများသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နှင့် ဇူလိုင်လ ၁၉ ရက်တို့တွင် စတင်ခဲ့ရာ ဇူလိုင်လ ၂၀ ရက်တွင် နိုင်ငံ့မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းပြည်နယ်များတစ်လျှောက် ရာသီဥတု လျင်မြန်စွာ ပိုမိုပြင်းထန်လာခဲ့သည်။ ဤကဲ့သို့ စဉ်ဆက်မပြတ် မိုးသည်းထန်စွာရွာသွန်းမှုက အိန္ဒိယနိုင်ငံမြောက်ပိုင်း၌ ဒေသ၏ ကျယ်ပြန့်သောနေရာများကို သက်ရောက်မှုရှိခဲ့ပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်ကာ သေဆုံးသူ အနည်းဆုံး လူ ၂၅ ဦး ထိရှိလာကြောင်း ဒေသအရာရှိများက ဇူလိုင် ၂၀ ရက်တွင် ပြောကြားခဲ့ကြသည်။ လာမည့်ရက်အနည်းငယ်အတွင်း ဒေသအတွင်း၌ မိုးပိုမိုရွာသွန်းမည်ဟုလည်း ရာသီဥတု ခန့်မှန်းချက်များက ဖော်ပြခဲ့ကြသည်။

အိန္ဒိယအုပ်ချုပ်သော ကက်ရှ်မီးယားပြည်နယ်ရှိ ပွန့်ချ်၊ ရာဂျိုရီနှင့် ဒိုဒါခရိုင်များတွင် မိုးရွာသွန်းမှုနှင့် ဆက်စပ်သော သီးခြားဖြစ်ရပ်များ၌ အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး အခြားပျောက်ဆုံးနေသူများလည်း ရှိကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
နိုင်ငံအရှေ့မြောက်ပိုင်း၊ နာဂလန်းပြည်နယ်တွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများစွာဖြစ်ပွားခဲ့ရာ လူကိုးဦးသေဆုံးခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များသည် အလောင်းလေးလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အကြီးတန်းခရိုင်အရာရှိတစ်ဦးက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
အိမ်နီးချင်းအာသံပြည်နယ်တွင်လည်း ဇူလိုင်လ ၁၉ ရက်က ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့အစည်းက ပြောကြားခဲ့သည်။ ပြည်နယ်၏ ခရိုင်ခုနစ်ခုရှိ လူပေါင်း ၅၇,၀၀၀ ကျော်သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိခိုက်ခဲ့ရကြောင်းလည်း သိရသည်။
အိန္ဒိယမိုးလေဝသရုံးက လူမှုမီဒီယာပလက်ဖောင်း X တွင် “နောက် ၆ ရက်မှ ၇ ရက်အတွင်း အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် မုတ်သုံလေအခြေအနေများ ဆက်လက်တည်ရှိနေဖွယ်ရှိသည်” ဟု ပြောကြားခဲ့သည်။
အိမ်နီးချင်း ဟိမဝန္တာဒေသနိုင်ငံနီပေါတွင်လည်း ဇွန်လလယ်ခန့်က မုတ်သုံစတင်ချိန်မှစ၍ ရေကြီးရေလျှံမှု၊ မြေပြိုမှု၊ မိုးသည်းထန်စွာရွာသွန်းမှုနှင့် မိုးကြိုးပစ်မှုများကြောင့် စုစုပေါင်းလူ ၂၇ ဦး သေဆုံးပြီး တစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကာ အခြား ၆၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။
နီပေါနိုင်ငံတစ်ဝန်းမှမြို့တော်ခတ္တမန္ဒူကို ဆက်သွယ်ထားသည့် အဝေးပြေးလမ်းမကြီးများစွာတွင် မြေပြို မှုများကြောင့် အပျက်အစီးများဖြင့် ပိတ်ဆို့နေခဲ့ရာ ခတ္တမန္ဒူ၊ တောင်ပိုင်းမြေပြန့်ဒေသများနှင့် အဆက်အသွယ်ပြတ်တောက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၂၀ ရက်တွင်ပြောခဲ့သည်။
Ref -Reuters


