သက်တံ့
၂၁. ၇. ၂၀၂၆
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ ဆစ်ခင်းမ် (Sikkim) ပြည်နယ်ရှိ ဟိမဝန္တာတောင်တန်းဒေသတွင် မီသိန်းဂတ်စ် ပေါက်ကွဲမှုကြောင့် မြေပြိုမှုဖြစ်ပွားကာ လိုဏ်ခေါင်းထွက်ပေါက် ပိတ်ဆို့သွားခဲ့သဖြင့် အနည်းဆုံး အလုပ်သမား ၁၀ ဦး သေဆုံးပြီး အခြား ၁၅ ဦးခန့်မှာ လိုဏ်ခေါင်းအတွင်း ပိတ်မိနေကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်သည် နီပေါ၊ ဘူတန်နှင့် တရုတ်နိုင်ငံတို့အကြား တည်ရှိသော ဆစ်ခင်းမ်ပြည်နယ်၊ နမ်ချီ (Namchi) ခရိုင်အတွင်းရှိ Teesta Stage VI ရေအားလျှပ်စစ် စီမံကိန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အစိုးရပိုင် အမျိုးသား ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး ကော်ပိုရေးရှင်း (NHPC) က တာဝန်ယူ တည်ဆောက်နေသည့် အဆိုပါ လိုဏ်ခေါင်းအတွင်း လူပေါင်း ၂၅ ဦး ပိတ်မိသွားခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်မှာ တနင်္လာနေ့ မွန်းလွဲပိုင်းက လိုဏ်ခေါင်းအတွင်း ၁ ဒသမ ၅ ကီလိုမီတာခန့် အကွာ၌ စုပုံနေသော မီသိန်းဂတ်စ်များကို စုတ်ထုတ်ရန် ကြိုးပမ်းစဉ် မီးလောင်ပေါက်ကွဲမှု စတင်ဖြစ်ပွားခဲ့ပြီး လိုဏ်ခေါင်း ပြိုကျသွားခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှုဖြစ်ပွားပြီး မကြာမီ ကာလအတွင်း အချို့သော အလုပ်သမားများ ထွက်ပြေး လွတ်မြောက်နိုင်ခဲ့သော်လည်း အများအပြားမှာမူ မြေအောက်အနက်ပိုင်းတွင် ပိတ်မိကျန်ရစ်ခဲ့သည်။
“ကျွန်တော်တို့ ရုပ်အလောင်း ၁၀ လောင်း ရှာဖွေတွေ့ရှိထားပြီး ကျန်ရှိနေသူတွေကို ရှာဖွေဖို့ ဆက်လက် ကြိုးပမ်းနေပါတယ်။ လိုဏ်ခေါင်းထဲမှာ လူ ၁၅ ဦးနီးပါး ဆက်လက် ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ပိတ်မိနေသူတွေရဲ့ အခြေအနေကိုတော့ အခုချိန်ထိ အတည်မပြောနိုင်သေးပါဘူး။ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပေမဲ့ လိုဏ်ခေါင်းအတွင်း မြင်ကွင်းက လုံးဝနီးပါး မမြင်ရတဲ့အတွက် ဝင်ရောက်ဖို့ ခက်ခဲတဲ့ လုပ်ငန်းတစ်ခု ဖြစ်နေပါတယ်” ဟု အပိုဒ်ခွဲ ခရိုင်အုပ်ချုပ်ရေးမှူး ဆူဘတ်ရှ် ဂီမီရေး (Subash Ghimeray) က ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့များသည် လှိုင်ခေါင်းအတွင်း မီသိန်းဂတ်စ် ပမာဏ မြင့်မားနေခြင်း၊ အောက်ဆီဂျင် နည်းပါးခြင်းနှင့် မြင်ကွင်း မကောင်းခြင်းတို့ကြားမှ ကျဉ်းမြောင်းသော လမ်းကြောင်းမှတစ်ဆင့် တိုးဝင် ကယ်ဆယ်နေရပြီး၊ ကယ်ဆယ်ရေးသမား အချို့ပင်လျှင် မူးဝေမအီမသာ ဖြစ်ခဲ့ကြရသည်။
“အတွင်းထဲမှာ ကာဗွန်မိုနောက်ဆိုက် ဂတ်စ်တွေ တွေ့ရှိထားပြီး မြင်ကွင်းကလည်း အလွန်ပဲ ဆိုးရွားနေပါတယ်” ဟု အမျိုးသား ဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့ (NDRF) မှ ဒုတိယ တပ်ရင်းမှူး ဝိဗက် ကူးမား (Vivek Kumar) က ပြောကြားခဲ့သည်။
အစောပိုင်းတွင် ဒေသခံ မီးသတ်သမားများက ဝင်ရောက် ကယ်ဆယ်ရန် ကြိုးပမ်းခဲ့သော်လည်း အသက်ရှူရ ခက်ခဲသဖြင့် ပြန်ဆုတ်ခဲ့ရပြီး၊ နောက်ပိုင်းတွင် အိမ်နီးချင်း အနောက်ဘန်ဂေါပြည်နယ်မှ အထူး အသက်ရှူကိရိယာများ တပ်ဆင်ထားသည့် အထူးကူညီကယ်ဆယ်ရေး အဖွဲ့များကို ခေါ်ယူကာ ပြည်နယ်နှင့် ဗဟိုအဆင့် အဖွဲ့အစည်း အများအပြား ပူးပေါင်း၍ ကယ်ဆယ်ရေးကို ယနေ့တွင် ဒုတိယနေ့အဖြစ် ဆက်လက် ဆောင်ရွက်နေကြသည်။
ကျောက်ဆောင်များအတွင်း လိုဏ်ခေါင်းတူးဖော်စဉ် မီသိန်းဂတ်စ်များ သဘာဝအလျောက် စုပုံလာလေ့ရှိပြီး၊ အရောင်နှင့် အနံ့မရှိသော အဆိုပါဂတ်စ်သည် အောက်ဆီဂျင်ကို လျှော့ချပစ်ကာ မီးလွယ်ကူစွာ လောင်ကျွမ်းနိုင်သဖြင့် မြေအောက် ဆောက်လုပ်ရေး လုပ်ငန်းများတွင် အဓိက အန္တရာယ်တစ်ခု ဖြစ်သည်။
တိစတာ မြစ်ကြောင်းတစ်လျှောက် တည်ဆောက်နေသည့် ရေအားလျှပ်စစ် စီမံကိန်းများသည် အိန္ဒိယနိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ရရှိရေး ကြိုးပမ်းမှုအတွက် အရေးပါသော်လည်း ငလျင်ကြောရှိပြီး မခိုင်ခံ့သော ဟိမဝန္တာ တောင်တန်းဒေသ မြေပြင်အနေအထားကြောင့် မကြာခဏ အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလကလည်း အဆိုပါ ဒေသတွင် ရေခဲတောင် ရေကန်ကျိုးပေါက်မှုကြောင့် အနီးနားရှိ ရေကာတာတစ်ခု ပျက်စီးကာ လူ ၄၀ ထက်မနည်း သေဆုံးခဲ့ဖူးသည်။
အလားတူ လွန်ခဲ့သည့်နှစ် ဖေဖော်ဝါရီလကလည်း အိန္ဒိယတောင်ပိုင်း တီလန်ဂါနာ (Telangana) ပြည်နယ်တွင် လိုဏ်ခေါင်း ပြိုကျမှုကြောင့် အလုပ်သမား ၈ ဦး ပိတ်မိကာ သေဆုံးခဲ့ရပြီး ရုပ်အလောင်းများ ပြန်လည်ဖော်ယူရန် သီတင်းပတ်ပေါင်းများစွာ ကြိုးပမ်းခဲ့ရဖူးသည်။
Ref : Xinhua, The Independent
