၂၁.၇.၂၀၂၆
Translated by Htwe Ko Tun
တောင်အမေရိကတိုက်မြောက်ပိုင်း ဂိုင်ယာနာနိုင်ငံ ကမ်းရိုးတန်းတွင် ဇူလိုင် ၁၈ ရက်က လူ ၁၇၉ ဦးနှင့်အတူ နစ်မြုပ်ခဲ့သော MV Barima ကူးတို့သင်္ဘောမှ အလောင်း ၂၇ လောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဂိုင်ယာနာနိုင်ငံ အစိုးရက ဇူလိုင် ၂၀ ရက်တွင် ပြောကြားခဲ့သည်။
MV Barima ကူးတို့သင်္ဘောသည် မြို့တော် ဂျော့ဂျ်တောင်းမှ နိုင်ငံအနောက်မြောက်ပိုင်းရှိ ပို့သ်ကိုင်တူးမားကျေးရွာ (Port Kaituma) သို့ ခုတ်မောင်းနေစဉ် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ အစိုးရ၏ အမျိုးသားဆက်သွယ်ရေးကွန်ရက်က လူ ၆၉ ဦးကို ကယ်တင်နိုင်ခဲ့ပြီး နောက်ထပ် ၈၃ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဇူလိုင် ၂၀ ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

သင်္ဘောက ဇူလိုင်လ ၁၈ ရက်နှောင်းပိုင်းတွင် နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။ အာဏာပိုင်များက မမှန်ကန်သော ခရီးသည်စာရင်းနှင့် သင်္ဘောသားများ၏ မူးယစ်ဆေးဝါးသုံးစွဲမှုတို့က သင်္ဘောမှောက်ရမှု ကပ်ဘေးအတွက် အကြောင်းရင်းများ ဖြစ်နိုင်ကြောင်း အရိပ်အမြွက်ပြောခဲ့ကြသည်။
ဇူလိုင်လ ၂၀ ရက် မွန်းလွဲပိုင်းတွင် Exxon Mobil နှင့် ဒေသခံတံငါသည်များက ပုဂ္ဂလိကကုမ္ပဏီ VEHSI နှင့် ပူးပေါင်း၍လုပ်ဆောင်သော ရှာဖွေရေးလုပ်ငန်းများတွင် သင်္ဘောကို ပင်လယ်ကြမ်းပြင်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း ဂိုင်ယာနာ၏ အများပြည်သူသုံးနှင့် လေကြောင်းဝန်ကြီး ဒီအိုဒတ် အင်ဒါက လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။
ပုဂ္ဂလိကစွမ်းအင်ကဏ္ဍ သင်္ဘောများနှင့် ရေငုပ်သမားများ၏ အကူအညီဖြင့် ရှာဖွေရေးအဖွဲ့များသည် ၎င်းတို့၏ ရှာဖွေရေးဧရိယာကို စတုရန်းကီလိုမီတာ ၁,၀၄၀ (စတုရန်းမိုင် ၄၀၁) အထိ တိုးချဲ့ခဲ့သည်။
သင်္ဘောကပ္ပတိန်နှင့် အနည်းဆုံး အခြားသင်္ဘောသားတစ်ဦးသည် ဆေးခြောက်သုံးစွဲထားကြကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းမှုကို ခံထားရကြောင်း အရာရှိများက ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် မာ့ခ် ဖိလစ်က အဖွဲ့အစည်းဆိုင်ရာ ပျက်ကွက်မှုများအတွက် စုံစမ်းစစ်ဆေးမှုတစ်ခု စတင်လိုက်ပြီဖြစ်ပြီး ပေါ့လျော့မှု သို့မဟုတ် မလျော်ကန်သော အပြုအမူဖြင့် အပြစ်ရှိကြောင်း တွေ့ရှိပါက ဥပဒေအရ အရေးယူမည်ဟု ကတိပြုခဲ့သည်။
Ref-Bangkok Post

