၂၀.၇.၂၀၂၆
Translated by Htwe Ko Tun
စပိန်ကမ္ဘာ့ဖလားချန်ပီယံ ဘောလုံးအသင်းသည် မက်ဒရစ်မြို့လယ်၌ ပရိသတ်တစ်သန်းခန့်ရှေ့တွင် ဇူလိုင်လ ၂၀ ရက် တနင်္လာနေ့ မွန်းလွဲပိုင်း၌ စီတန်းလှည့်လည်အောင်ပွဲခံမည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
စပိန်အသင်းက ၂၀၂၆ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ၌ ကစားသမား ၁၀ ဦးသာ ပါဝင်တော့သော အာဂျင်တီးနားအသင်းကို ဇူလိုင်လ ၁၉ ရက်တွင် အချိန်ပိုအပြီး၌ တစ်ဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရရှိကာ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်လာခဲ့သည်။

စပိန်အသင်း လိုက်ပါလာသောလေယာဉ်က ဒေသစံတော်ချိန် မွန်းလွဲ ၁၂:၅၀ နာရီ (GMT နံနက် ၁၀:၅၀ နာရီ) တွင် မက်ဒရစ်လေဆိပ်သို့ ဆင်းသက်ရန် စီစဉ်ထားသည်။
ထို့နောက် ကစားသမားများသည် ဝန်ကြီးချုပ် ပီဒရို ဆန်းချက်ဇ်၏ တရားဝင်နေအိမ်ဖြစ်သော မွန်ကလိုအာ နန်းတော်အနီးမှ စီဘီလက်စ်ရင်ပြင်သို့ ဆက်လက်သွားကြမည်ဖြစ်ကြောင်း မက်ဒရစ်ရှိ ဗဟိုအစိုးရကိုယ်စားလှယ် ဖရန်စစ္စကို မာတင်က စပိန်ပြည်သူ့ရုပ်မြင်သံကြားသို့ ပြောကြားခဲ့သည်။
ထို့နောက် စပိန်အမျိုးသားအသင်းနှင့် ၎င်း၏ပရိသတ်များက အစဉ်အလာစုဝေး အောင်ပွဲခံသည့် စီဘီလက်စ် ရင်ပြင်တွင် ကစားသမားများပါဝင်သည့် အခမ်းအနားတစ်ခု ကျင်းပမည်ဖြစ်သည်။
အောင်ပွဲခံ အခမ်းအနားတွင် ပြည်သူတစ်သန်းခန့် ပါဝင်မည်ဟု မျှော်လင့်ထားရာ လူအုပ်ကြီး၏ လုံခြုံရေးနှင့် သယ်ယူပို့ဆောင်ရေးကို ကိုင်တွယ်ဖြေရှင်းရန် အစီအမံများ ထပ်မံ စီစဉ်ထားပြီး လူတစ်သန်းခန့်သည် စီတန်းလှည့်လည်သည့် လမ်းကြောင်းတွင် တန်းစီစောင့်ဆိုင်းနေမည်ဟု မာတင်က ပြောကြားခဲ့သည်။
ရဲအရာရှိ ၂,၀၅၀ နှင့် အရပ်ဘက်အစောင့်တပ်ဖွဲ့ဝင် ၄၀၀ စုစုပေါင်း ချထားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဗိုလ်လုပွဲအပြီးတွင် မက်ဒရစ်မြို့၌ အောင်ပွဲခံညအတွက်ကြိုတင် ပြင်ဆင်နေခဲ့ပြီး အရက်ဆိုင်များနှင့် အောင်ပွဲခံ ပရိသတ်ဇုန်သုံးခုတွင် စုဝေးနေသော ပရိသတ်ထောင်ပေါင်းများစွာသည် လမ်းများပေါ်သို့ စုဝေးကာ အောင်ပွဲခံခဲ့ကြသည်။
စပိန်က ၂၀၁၀ ပြည့်နှစ်ကလည်း ဗိုလ်လုပွဲတွင် တောင်အာဖရိကကို အနိုင်ရရှိပြီးနောက် ဖီဖာကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့သေးရာ ထိုစဉ်ကလည်း ပရိသတ်ထောင်ပေါင်းများစွာက မက်ဒရစ်တွင် အသင်းကို အိမ်ပြန်ကြိုဆိုခဲ့ကြသည်။
Ref- AFP
.

