၁၄.၇.၂၀၂၆
Translated by Htwe Ko Tun
အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားမှာ ကုန်သင်္ဘောတွေဖြတ်သန်းသွားလာခွင့်ကို ဆက်လက်ပိတ်ဆို့ထားတာနဲ့အမျှ အမေရိကန်ဘက်ကလည်း အီရန်ဆိပ်ကမ်းတွေကို ရေတပ်ပိတ်ဆို့မှုတွေ ဆက်လက်ပြုလုပ်ထားပါတယ်။ တင်းမာမှုတွေ မြင့်တက်လာတာနဲ့အတူ အီရန်အနေနဲ့ ဆိုးရွားစွာအထိနာမယ်လို့ အမေရိကန်အစိုးရက သတိပေးခဲ့ပြီး အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုတွေကို ဇူလိုင်လ ၁၃ ရက် ညက ဆက်တိုက် သုံးညမြောက်အဖြစ် ဆက်လက်ပြုလုပ်ခဲ့ပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) က အီရန်ဒုံးကျည်ပစ်ခတ်မှုတွေဟာ ဟော်မုဇ်ရေလက်ကြားအတွင်းရှိနေတဲ့ ရေနံတင်သင်္ဘောတွေကို ထိမှန်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။


အမေရိကန်စစ်တပ်က အီရန်နိုင်ငံရဲ့ တောင်ပိုင်းကမ်းရိုးတန်းတစ်လျှောက်ရှိ စစ်ဘက်နေရာတွေကို ပစ်မှတ်ထားတဲ့ နောက်ဆုံးတိုက်ခိုက်မှုလှိုင်းကို အောင်မြင်စွာဆောင်ရွက်ပြီးစီးသွားပြီလို့ ပြောကြားခဲ့ပြီး တိုက်ခိုက်မှုတွေက ကမ်းရိုးတန်းကာကွယ်ရေးစနစ်တွေ၊ ဒုံးကျည်တွေ၊ ဒရုန်းတပ်ဖွဲ့နေရာတွေနဲ့ အခြား ရေကြောင်းစွမ်းရည်တွေကို အာရုံစိုက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်စစ်တပ်ကလည်း အရှေ့အလယ်ပိုင်းတစ်ဝန်းမှာ အမေရိကန်တပ်ဖွဲ့ဝင် ၅၀,၀၀၀ ကျော် ချထားဆဲဖြစ်ပြီး “သတိရှိ၊ အသက်အန္တရာယ်ရှိပြီး အသင့်ရှိနေသည်” လို့ ပြောကြားခဲ့ပါတယ်။
တုံ့ပြန်တိုက်ခိုက်မှုတွေအနေနဲ့ အီရန်က ဘာရိန်းရှိ အမေရိကန်နဲ့ဆက်စပ်နေရာတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ အီရန်တော်လှန်ရေးအစောင့်တပ်တွေက ဘာရိန်းကို ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောကြားခဲ့ကြပါတယ်။ နှစ်ဖက်စလုံးက တိုက်ခိုက်မှုတွေမှာ အသေအပျောက်ဘယ်လောက်ရှိတယ်လို့တော့ မပြောခဲ့ကြပါဘူး။
အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားရဲ့ အဆိုအရ အစောင့်တပ်တွေက လက်နက်ထောက်ပံ့ရေးဂိုဒေါင်တွေ၊ ဂြိုဟ်တုဆက်သွယ်ရေးစင်တာနဲ့ ဘာရိန်းရှိ အမေရိကန်တပ်ဖွဲ့တွေအတွက် လူနေအဆောက်အအုံတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ဘာရိန်းဟာ အမေရိကန်ရေတပ်ရဲ့ အမှတ် (၅) ရေတပ်ဖွဲ့ကို လက်ခံထားပြီး ပင်လယ်ကွေ့ဒေသမှာ အမေရိကန်ရဲ့ အဓိကလုံခြုံရေးမိတ်ဖက်တစ်ဦးလည်း ဖြစ်ပါတယ်။
ယီမင်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်တွေကလည်း ဇူလိုင်လ ၁၃ ရက်အစောပိုင်းက ယီမင်နိုင်ငံ ဆာနာအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆော်ဒီအာရေဗျရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဆော်ဒီအာရေဗျနိုင်ငံ၊ အက်ဘာအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒုံးကျည်တွေနဲ့ ဒရုန်းတွေ ပစ်လွှတ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
စစ်ပွဲအရှိန်မြင့်တက်လာတာနဲ့အမျှ ပင်လယ်ကွေ့နိုင်ငံတွေအဖို့ အီရန်နဲ့ အမေရိကန်ကြားမှာ ပိတ်မိနေကြတယ်လို့ ဆိုရမှာပါ။
Ref- DW News
