ဓာတ်ပုံ - ကြီးလေးကြီး လူမှုကူညီရေးအသင်း
သက်တံ့
၁၄. ၇. ၂၀၂၆
ဆင်မင်းစျေးကားမှတ်တိုင်တွင် YBS – ၁၄၄ ယာဥ်က အဘွားအိုတစ်ဦးအား ကားဖြင့်တိုက်ကြိတ်မိ၍ အဘွားအို သေဆုံးရမှု ယနေ့နံနက်ပိုင်းအချိန်က ဖြစ်ပွားခဲ့ကြောင်း ကြီးလေးကြီး လူမှုကူညီရေးအသင်း၏ ကူညီဆောင်ရွက်ပေးမှုထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အောက်ကြည့်မြင့်တိုင်လမ်းမပေါ် ဆင်မင်းစျေးကားမှတ်တိုင်တွင် အဖွားအိုတစ်ဦးကားတိုက်ခံရကြောင်း အနီးပတ်ဝန်းကျင်မှ ဆက်သွယ်အကူညီတောင်းခံမူကြောင့် ကြီးလေးကြီးလူမူကူညီရေးအသင်းမှ ထွက်ခွာကူညီခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်နေရာတွင် YBS – ၁၄၄ မှ အဘွားအိုအား တိုက်ကြိတ်မိထားကြောင်းတွေ့ရှိရသဖြင့် အဘွားအိုအား ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ရာ ဆေးရုံတွင် ဆရာဝန်များစမ်းသပ်ချိန် အသက်မပါကြောင်း သိရှိရသည်။ ထို့နောက်တာဝန်ရှိသူများအား အဘွားအို ပိုင်ဆိုင်သည့် ပစ္စည်း /ပိုက်ဆံနှင့်အတူ ဖုန်းတစ်လုံးအား အပ်နှံခဲ့ရာ ၎င်းဖုန်းဖြင့် မိသားစုဝင်များအား ဆက်သွယ်ရရှိခဲ့ကြောင်းလည်း သိရသည်။
အဘွားအိုမှာ အသက် ၇၀ ကျော်အရွယ်ဖြစ်ပြီး ကားဖြင့်တိုက်မိပြီးနောက် ကားဘီးဖြင့်ပါ ထပ်မံကြိတ်မိခဲ့ကြောင်း သိရသလို လက်ရှိတွင် တာဝန်ရှိသူများက လိုအပ်သည်များ စစ်ဆေးမှု ဆက်လက်လုပ်ဆောင်နေသည်။
YBS – ၁၄၄ ယာဥ်သည် ယုဇနဥယျာဥ်မြို့တော်မှ သခင်မြပန်းခြံသို့ ပြေးဆွဲသည့် ယာဥ်လိုင်းဖြစ်ပြီး ပြီးခဲ့သည့် မတ်လ ၅ ရက်ကလည်း တာမွေမြို့နယ်၊ သမိန်ဗရမ်းလမ်းမပေါ်တွင် YBS – ၁၄၄ ယာဥ်တစ်စီးက ယာဥ် ၁၃ စီးကို ဆင့်တိုက်ကာ ယာဥ်မောင်းထွက်ပြေးမှု ဖြစ်ပွားခဲ့သည်။
ဓာတ်ပုံ – ကြီးလေးကြီး လူမှုကူညီရေးအသင်း



