MT News
၁၄. ၇. ၂၀၂၆
ဝါစိုက်တောင်သူများ လိုအပ်သည့်အကူအညီအတွက် စက်မှုလယ်ယာဦးစီးဌာနသို့ ဆက်သွယ်နိုင်ကြောင်းနှင့် ထွက်နှုန်းကောင်းသည့် F1 စပ်မျိုးဝါမျိုးစေ့သာ စိုက်ပျိုးရမည်ဖြစ်ကြောင်း ယနေ့ အသိပေးချက်ထုတ်ပြန်သည်။
ဝါစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးစေရန် စက်ယန္တရားများဖြင့် မြေပြုပြင်ခြင်း၊ ဝါမျိုးစေ့ချခြင်း၊ ကြားပေါင်းလိုက်ခြင်း၊ ကျောပိုးဝါကောက်စက်ဖြင့် ဝါဆွတ်ခူးခြင်းများလုပ်ဆောင်ရန် လိုအပ်သည်။ အဆိုပါလိုအပ်သည့် စက်ယန္တရားများ၊ စက်ကိရိယာများ အသုံးပြုဆောင်ရွက်လိုသော ဝါစိုက်တောင်သူများကို စက်မှုလယ်ယာဦးစီးဌာနမှ အကောင်းဆုံးပံ့ပိုးကူညီပေးနိုင်သဖြင့် စိတ်ပါဝင်စားသူ တောင်သူများသည် ဖုန်းနံပါတ် (၀၆၇-၃၄၃၁၂၁၅)၊ စက်မှုလယ်ယာဦးစီးဌာန၊ နေပြည်တော်သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရှိရသည်။
ထို့အပြင် အထွက်နှုန်းကောင်းပြီး အရည်အသွေးမီသည့် နိုင်ငံခြားစပ်မျိုးဝါ စိုက်ပျိုးသူ တောင်သူများ အတွက် စပ်မျိုးဝါမျိုးစေ့များရောင်းချရာတွင် စပ်မျိုး F1 အဆင့် မျိုးစေ့ကိုသာ ဖြန့်ဖြူးရောင်းချရမည် ဖြစ်ပြီး၊ ၎င်းစပ်မျိုး F1 ကို စိုက်ပျိုး၍ ရရှိလာသော F2 အဆင့် မျိုးစေ့များကို ဖြန့်ဖြူးရောင်းချခြင်း မပြုရန် ညွှန်ကြားချက်ကို ဝါမျိုးစေ့ထုတ်ရောင်းချသူများ သိရှိပြီးဖြစ်သည်။ ထို့အတူ ၎င်းစပ်မျိုးဝါ F2 မျိုးစေ့များကို တောင်သူများက အသုံးပြု ထပ်မံစိုက်ပျိုးခြင်းမပြုရန်၊ ဝါစိုက်တောင်သူများအား အသိပညာပေး ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်။
၎င်းအပြင် စပ်မျိုးဝါ F2 မျိုးများကို အသုံးပြုစိုက်ပျိုးပါက အောင်မြင်ဖြစ်ထွန်းမှု မရှိသည်ကို သိရှိထားပြီး၊ မျိုးစေ့ဥပဒေ (၂၀၁၅) တွင်လည်း မှတ်ပုံတင်ထားခြင်းမရှိသော မျိုးစေ့များ ရောင်းချခြင်း မပြုရန် သတ်မှတ်ပြဋ္ဌာန်းထားသည်။ သို့ဖြစ်ပါ၍ ဝါမျိုးစေ့ထုတ် ရောင်းချသူများနှင့် ဝါစိုက်တောင်သူများသည် စပ်မျိုးဝါ F2 မျိုးစေ့ များအား၊ ဖြန့်ဖြူးရောင်းချခြင်း၊ အသုံးပြုစိုက်ပျိုးခြင်း မပြုပါရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သတိပေးထုတ်ပြန်ထားသည်။
ဝါစိုက်ပျိုးမှုတွင် တစ်နိုင်ငံလုံးပျမ်းမျှအထွက်နှုန်းအနေဖြင့် ၂၀၂၁ – ၂၀၂၂ ခုနှစ်တွင် စိုက်ဧက ၃ ဒသမ ၉ သိန်းကျော်၌ တစ်ဧကအထွက်နှုန်း ၄၃၆ ပိဿာရှိကြောင်း၊ ၂၀၂၅ – ၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီတွင် ဝါစိုက်ပျိုးဧက ၅ ဒသမ ၄ သိန်းကျော်ရှိပြီး တစ်ဧကအထွက်နှုန်း ၄၉၉ ဒသမ ၂ ရှိကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝါထွက်ရှိမှုမှာ ပိဿာချိန်ပေါင်း ၂၇၄၃ သိန်းကျော် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ဝါ လိုအပ်ချက်နှင့် နှိုင်းယှဉ်တွက်ချက်ကြည့်မည်ဆိုပါက များစွာပိုလျှံထွက်ရှိသည်ကို တွေ့ ရကြောင်း၊ လက်ရှိ ကမ္ဘာတွင်ပေါက်ဈေးအရ ဝါဂွမ်းတစ်တန်လျင် အမေရိကန်ဒေါ်လာ ၁၈၀၀ နှင့် ၁၉၀၀ ကြားတွင်ရှိပြီး မိမိတို့နိုင်ငံတွင် သတ်မှတ်ထားသည့် ဝါတစ်ဧက ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်း ပိဿာ ၇၀၀ ရရှိအောင်ဆောင်ရွက်နိုင်မည်ဆိုပါက ပိုလျှံထွက်ရှိသည့် ဝါဂွမ်းများရောင်းချရရှိငွေမှာ အမေရိကန် ဒေါ်လာသန်း ၅၀၀ ခန့် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်တွင် မကွေးမြို့၌ ကျင်းပပြုလုပ်သည့် “ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့” ဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့သည်။
