သက်တံ့
၁၄. ၇. ၂၀၂၆
ဘန်ကောက်မြို ချတုချက် (Chatuchak) ခရိုင်၊ လတ်ဖယောင်း (Lad Phrao) လမ်းပေါ်ရှိ လူကြိုက်များသော စားသောက်ဆိုင်နှင့် အပန်းဖြေဖျော်ဖြေရေး (Restaurants & Pub) နေရာတစ်ခုဖြစ်သည့် “ရွန်းဘီယာ နာလတ်ဖယောင်း” (Rong Beer Na Ladprao) တွင် ဇူလိုင် ၁၂ ရက် ညသန်းခေါင်အချိန်ဖြစ်ပွားခဲ့သည့် မီးလောင်မှုအတွင်း သေဆုံးသူဦးရေမှာ ၃၀ ဦး ရှိသွားပြီဖြစ်ကြောင်း အင်္ဂါနေ့နံနက်ပိုင်းတွင် အတည်ပြုခဲ့သော်လည်း တာဝန်ရှိသူများသည် သေဆုံးသူများ၏ ရုပ်အလောင်းအားလုံးကို မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသတ်မှတ်နိုင်ရန် ရုန်းကန်နေရဆဲ ဖြစ်သည်။
ဘန်ကောက်မြို့တော်စည်ပင်သာယာရေးအဖွဲ့ (BMA) ၏ အင်္ဂါနေ့နံနက်ပိုင်း ထုတ်ပြန်ချက်အရ တနင်္ဂနွေနေ့ညက ဖြစ်ပွားခဲ့သော အဆိုပါ မီးလောင်မှုကြီးကြောင့် သေဆုံးသူဦးရေသည် ကနဦး ထုတ်ပြန်ထားသည့် ၂၇ ဦးမှ ၃၀ ဦးအထိ တိုးလာခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံး သေဆုံးသွားခဲ့သူ ၃ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိသူများစာရင်းတွင် ပါဝင်နေသူများဖြစ်ပြီး ၎င်းတို့ မည်သူမည်ဝါဖြစ်သည်ကိုမူ ခွဲခြားသတ်မှတ်ပြီး ဖြစ်သည်။


လက်ရှိတွင် ပြင်းထန်ဒဏ်ရာရရှိသူ ၂၄ ဦး ရှိပြီး အသင့်အတင့် ဒဏ်ရာရရှိသူ ၁၅ ဦး ရှိကြောင်း ဖော်ပြထားသည်။ ၎င်းတို့အားလုံးကို ဆေးရုံအသီးသီးတွင် ဆက်လက်ကုသပေးလျက် ရှိသည်။ မြို့တော်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သူ ၃၆ ဦးကိုမူ ဆရာဝန်များက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။
အဆိုပါ စားသောက်ဆိုင်မီးလောင်မှုသည် တနင်္ဂနွေနေ့ည ၁၁ နာရီ ၅၇ မိနစ်ခန့်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။ စုံစမ်းစစ်ဆေးရေးမှူးများသည် လူသေဆုံးမှုဖြစ်ပွားစေခဲ့သည့် အဆိုပါ မီးလောင်မှု၏ တိကျသောအကြောင်းအရင်းကို ရှာဖွေရန် ကြိုးပမ်းနေဆဲဖြစ်ပြီး ပိတ်ထားခြင်း၊ ပိတ်ဆို့နေခြင်းနှင့် မီးအလင်းရောင်မရှိခြင်းတို့ကြောင့် အရေးပေါ်ထွက်ပေါက်များအတွင်း စားသောက်ဆိုင်လာပရိသတ်များ ပိတ်မိသွားခဲ့ခြင်း ဖြစ်နိုင်သည်ဟု သံသယရှိနေကြသည်။ ရုပ်အလောင်းအများအပြားကို သန့်စင်ခန်းအတွင်းနှင့် သန့်စင်ခန်းတံခါးအနီးတို့တွင် တွေ့ရှိခဲ့ရသည်။ ဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင်အချို့အပါအဝင် အဆိုပါဆိုင်တွင် လာရောက်ဖျော်ဖြေသည့် တေးဂီတအဖွဲ့မှ အဓိကအဆိုတော်လည်း အသက်ဆုံးရှုံးခဲ့ရသည်။
ချတုချက် (Chatuchak) ခရိုင်အတွင်း တည်ရှိပြီး စားသောက်ဆိုင်အဖြစ် ဖွင့်လှစ်ထားသည့် အဆိုပါအဆောက်အအုံကို ၁၉၇၀ ပြည့်နှစ်တွင် သီးသန့်အဆောက်အအုံတစ်ခုအဖြစ် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အစားအစာရောင်းချခွင့်နှင့် ဂီတဖျော်ဖြေမှု ပြုလုပ်ခွင့်လိုင်စင်များ ရရှိထားသည်။
ချတုချက်ခရိုင်ရုံးက မီးလောင်ကျွမ်းခဲ့သည့် အဆောက်အအုံ၏ ဖွဲ့စည်းပုံကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုကို စစ်ဆေးနေစဉ်အတွင်း အဆိုပါနေရာကို တနင်္လာနေ့မှစတင်ကာ ကနဦး ရက်ပေါင်း ၃၀ အထိ အများပြည်သူ ဝင်ရောက်ခွင့်မပြုဘဲ ပိတ်ထားသည်။
တာဝန်ရှိသူများ၏ ပြောကြားချက်အရ ဧပြီလက ဘေးကင်းလုံခြုံရေး စစ်ဆေးမှုခံယူထားသည့် အဆိုပါစားသောက်ဆိုင်အတွင်း မီးလောင်မှုမှာ မျက်နှာကျက်ရှိ လေအေးပေးစက်မှတစ်ဆင့် လျှပ်စစ်ဝါယာရှော့ဖြစ်ရာက စတင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သိရသည်။ ရဲတပ်ဖွဲ့သည် ထွက်ပေါက်များ ပိတ်ဆို့နေခြင်း ရှိ၊ မရှိနှင့် စင်မြင့်အလှဆင်ခြင်းနှင့် အသံလုံစနစ်တို့အတွက် မီးလောင်လွယ်သော ပစ္စည်းများကို အသုံးပြုထားခြင်း ရှိ၊ မရှိတို့ကို စုံစမ်းစစ်ဆေးလျက် ရှိသည်။
“ကျွန်တော်တို့ဟာ အမှန်တရားကို စုံစမ်းစစ်ဆေးဖို့၊ ဘာတွေတိုးတက်အောင် လုပ်ရမလဲ၊ ဘယ်လိုစည်းမျဉ်းတွေကို ပြောင်းလဲရမလဲဆိုတာကို လုပ်ဆောင်ဖို့ ကော်မတီတစ်ရပ် ဖွဲ့စည်းထားပါတယ်” ဟု ဘန်ကောက်မြို့တော်ဝန် ချတ်ချတ် စစ်သီပန် (Chadchart Sittipunt) က အင်္ဂါနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သလို “ကျွန်တော်တို့ ရှောင်တခင် စစ်ဆေးမှုတွေကို ပိုပြီးလုပ်ဆောင်သွားမှာပါ” ဟုလည်း ၎င်းက ဆိုသည်။


ရဲတပ်ဖွဲ့က လက်ရှိအချိန်အထိ လူပေါင်း ၃၄ ဦးကို စစ်ဆေးမေးမြန်းပြီးဖြစ်ကြောင်းနှင့် အချက်အလက်များနှင့် သက်သေအထောက်အထားများ စုဆောင်းပြီးပါက စွဲချက်တင်ရန် စဉ်းစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စားသောက်ဆိုင်ပိုင်ရှင်မှာလည်း သတင်းထွက်ပေါ်နေသလို သေဆုံးမှုမရှိသေးဘဲ အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ကုသမှုခံယူနေရသူများထဲတွင် ပါဝင်သည်။
အင်္ဂါနေ့က ဘန်ကောက်မြို့ရှိ ရင်ခွဲရုံတစ်ခုတွင် ကယ်ဆယ်ရေးသမားများသည် သေဆုံးသူတစ်ဦး၏ ခေါင်းတလားကို ရွှေ့ပြောင်းနေကြပြီး ၎င်းတို့ပတ်လည်တွင် ရုပ်မြင်သံကြားကင်မရာများနှင့် သတင်းထောက်အုပ်စုများ ဝန်းရံလျက်ရှိကာ ဝမ်းနည်းပူဆွေးနေသော မိသားစုဝင်များနှင့် သူငယ်ချင်းများက ရုပ်အလောင်းကို လာရောက်ထုတ်ယူရန် ရောက်ရှိနေကြသည်။
” ရွန်းဘီယာ နာလတ်ဖယောင်း”၏ အပြင်ဘက်တွင် ရဲမှုခင်းအဖွဲ့များက အခင်းဖြစ်ပွားရာနေရာမှ သက်သေအထောက်အထားများ စုဆောင်းနေစဉ် ဆွေမျိုးအချို့က သေဆုံးသူများအတွက် ဝမ်းနည်းပူဆွေးနေကြသည်။
အဆိုပါစားသောက်ဆိုင်သည် ၎င်း၏ Facebook စာမျက်နှာတွင် မီးလောင်မှုနှင့်ပတ်သက်၍ တောင်းပန်ကြောင်း ရေးသားထားပြီး စုံစမ်းစစ်ဆေးမှုများတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
“ဖြစ်ပွားခဲ့တဲ့ အလွန်ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်တွေအတွက် ကျွန်တော်တို့ အနက်ရှိုင်းဆုံး တောင်းပန်အပ်ပါတယ်။ သေဆုံးသွားခဲ့ရသူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း ဖော်ပြအပ်ပြီး ဒဏ်ရာရရှိခဲ့သူတွေကိုလည်း အားပေးကူညီမှုတွေ ပေးပို့အပ်ပါတယ်” ဟု ၎င်းတို့၏ ပို့စ်တွင် ရေးသားထားရာ စာနာမှုပေးသည့် ကွန်မန့် ရာပေါင်းများစွာ ရှိနေသော်လည်း အများစုမှာ ဒေါသထွက်နေကြပြီး ဆိုင်၏ ဘေးကင်းလုံခြုံရေး အစီအမံများကို မေးခွန်းထုတ်နေကြသည်။
ဆိုင်ဘက်ကမူ ကနဦး စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် ပတ်သက်၍ ဖုန်းခေါ်ဆိုမှုများကို ပြန်လည်ဖြေကြားခြင်း မရှိသေးသလို မှတ်ချက်ပေးရန် တောင်းဆိုမှုများကိုလည်း ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပေ။
ထိုင်းနိုင်ငံတွင် မီးဘေးလုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ရမည့် ဖျော်ဖြေရေးကဏ္ဍဆိုင်ရာ နေရာများ၌ အကြီးစား မီးလောင်မှုအချို့ ဖြစ်ပွားခဲ့ဖူးသော်လည်း လုပ်ထုံးလုပ်နည်းများကို တိတိကျကျ လိုက်နာမှု မရှိကြပေ။ ၂၀၂၂ ခုနှစ်က ချွန်ဘူရီ (Chon Buri) ပြည်နယ်ရှိ နိုက်ကလပ်တစ်ခု မီးလောင်မှုကြောင့် အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ပြီး ၂၀၀၉ ခုနှစ် နှစ်သစ်ကူးအကြိုညက ဘန်ကောက်ရှိ လူပြည့်နှက်နေသော ကလပ်တစ်ခုတွင် မီးလောင်မှုကြောင့် လူ ၆၅ ဦး သေဆုံးကာ လူ ၂၀၀ ခန့် ဒဏ်ရာရရှိခဲ့ဖူးပြီး ၎င်းဖြစ်စဉ်တွင် အဂတိလိုက်စားမှုနှင့် ဘေးကင်းလုံခြုံရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးတွေ့ရှိခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာနေရာနှင့် ၁၀ ကီလိုမီတာ (၆ မိုင်) ခန့်ကွာဝေးပြီး ပတ်ဘ်များနှင့် နိုက်ကလပ်များ ပြည့်နှက်နေသည့် ဘန်ကောက်မြို့၏ နာမည်ကြီး ခေါက်ဆန်လမ်း (Khaosan Road) သို့ လာရောက်လည်ပတ်သူများက ယခုဖြစ်စဉ်အတွက် စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြခဲ့ကြသော်လည်း ဘေးကင်းလုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှု မရှိကြောင်း ပြောကြားခဲ့ကြသည်။
“ဒါက ကျွန်တော်တို့ကို စိုးရိမ်ပူပန်မှု မဖြစ်စေပါဘူး။ ကျွန်တော်တို့ ရောက်ခဲ့တဲ့ နေရာတိုင်းဟာ အလွန်ဘေးကင်းပါတယ်” ဟု ဘော့စတွန်မှ လာရောက်သည့် အသက် ၃၀ အရွယ် ကမ္ဘာလှည့်ခရီးသည် ကွန်နာ မက်လာနွန် (Connor McLernon) က ပြောကြားခဲ့သည်။
၎င်း၏ ခရီးသွားဖော်ဖြစ်သူ အသက် ၃၁ အရွယ် ပက်ထရစ်ရှာ ဘယ်လို မက်လာနွန် (Patricia Bello McLernon) ကလည်း ယခုမီးလောင်မှုသည် တစ်ကြိမ်တစ်ခါမျှသာ ဖြစ်ပွားသည့် ဖြစ်စဉ်မျိုး ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
“ဒါက မတော်တဆဖြစ်ပွားခဲ့တဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်တစ်ခုသက်သက်သာ ဖြစ်ပြီး ဒါကြောင့်မို့လို့ ဘယ်သူမဆို လာရောက်လည်ပတ်ဖို့ ဝေခွဲမရဖြစ်စရာ မလိုဘူးလို့ ထင်ပါတယ်” ဟု သူမက ဆိုသည်။
Ref : Bangkok Post
