၁၄.၇.၂၀၂၆
Translated by Htwe Ko Tun
တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့ ရဲတပ်ဖွဲဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားလို့ ပြန်ရောက်လာခဲ့ပြီးနောက် မကြာမီမှာ သေဆုံးခဲ့လို့ အလောင်းကို တွေ့ရှိခဲ့တဲ့ တောင်အာဖရိက၊ အမျိုးသား လက်ရွေးစင် ဘောလုံးသမား ဂျေဒန် အဒမ်စ် သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။
တောင်အာဖရိက အမျိုးသားအသင်းမှ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမား အဒမ်စ်ကို ကိပ်တောင်းမြို့ရှိ Schotsche Kloof ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှာ သေဆုံးလျက် တွေ့ရှိခဲ့တာပါ။ တောင်အာဖရိက ဘောလုံးကစားသမားများသမဂ္ဂက ဇူလိုင်လ ၁၁ ရက်မှာ အဒမ်စ်ရဲ့ သေဆုံးမှုကို အတည်ပြုခဲ့ပါတယ်။
အဒမ်စ် သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ ထုတ်ဖော်ပြောကြားမှု မပြုသေးပါဘူး။
အဒမ်စ်ဟာ တောင်အာဖရိကနဲ့ ချက်သမ္မတနိုင်ငံ တစ်ဂိုးစီ သရေကျတဲ့ပွဲမတိုင်မီ တစ်ရက်အလိုမှာ အဖွား မာရီယာနာ ကွယ်လွန်ခဲ့ပေမယ့် တောင်အာဖရိကအသင်းရဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ် သုံးပွဲအနက် နှစ်ပွဲမှာ ပွဲထွက်ကစားခဲ့ပါတယ်။ ထိုပွဲစဉ်နဲ့ တောင်အာဖရိက က မက္ကဆီကို ကို နှစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်တဲ့ပွဲမှာ ပွဲထွက်ပါဝင်ခဲ့တာပါ။ တောင်ကိုရီးယားကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာတော့ အရန်ကစားသမားအဖြစ်သာ နေခဲ့ရပါတယ်။
တောင်အာဖရိကအသင်းက ၃၂ သင်းရှုံးထွက်အဆင့်မှာ ကနေဒါအသင်းကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခဲ့ရတဲ့ ဇွန်လ ၂၈ ရက် ပွဲမှာလည်း သူက ပါဝင်ကစားမှုမပြုရတဲ့ အရန်ကစားသမားတစ်ဦးသာ ဖြစ်ခဲ့ပါတယ်။
“မိသားစုက ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ ရုန်းကန်နေရပါတယ်။ ဆက်လက်လုပ်ဆောင်ဖို့ မလွယ်ကူပါဘူး”လို့ ကစားသမားရဲ့ဖခင် Juanito Adams က ဇူလိုင်လ ၁၂ ရက်မှာ ပြောခဲ့တယ်လို့ တောင်အာဖရိကသတင်းဌာန eNCA က ဆိုခဲ့ပါတယ်။
Juanito Adams က “လူတွေက ပိုလွယ်ကူလာမယ်လို့ ပြောကြပေမယ့် မလွယ်ကူပါဘူး။ အခုဟာ ခက်ခဲတဲ့ အခြေအနေတစ်ခုကို ဖြတ်သန်းနေရတာပါပဲ။ ဒါကြောင့် ရှေ့လာမယ့်အချိန်မှာ ကျွန်တော်တို့အတွက် ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ကမ္ဘာတဝှမ်းလုံးက အဒမ်စ်ရဲ့သေဆုံးမှုကို တုံ့ပြန်နေကြပါတယ်။ ကျွန်တော်ပြောခဲ့သလိုပဲ၊ အရမ်းခက်ခဲပါတယ်။ ကမ္ဘာကြီးက သူ့ရဲ့ဘောလုံးနဲ့ အဒမ့်စ်အပေါ်ထားတဲ့ မေတ္တာကို ကျွန်တော်တို့ မြင်တွေ့နိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဇူလိုင်လ ၁၁ ရက်က အင်္ဂလန်နဲ့ နော်ဝေအသင်းတို့ ယှဉ်ပြိုင်ကစားတဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မီ အဒမ်စ်အတွက် ခေတ္တငြိမ်သက်စွာ ဂါရဝပြုခဲ့ကြပါတယ်။
တောင်အာဖရိက အားကစား၊ အနုပညာနှင့် ယဉ်ကျေးမှုဝန်ကြီး Gayton McKenzie က “သူ ကျွန်တော့်ကို နှိမ့်ချပြီး ကျေးဇူးတင်တဲ့ တုံ့ပြန်မှုကို ကျွန်တော် ထာဝရ သယ်ဆောင်သွားမှာပါ” လို့ အဘွားဖြစ်သူ ကွယ်လွန်ပြီးနောက် မကြာသေးပေမယ့် ကစားဖို့ အဒမ်စ်ရဲ့ ဆုံးဖြတ်ခဲ့မှုကို ရည်ညွှန်းပြီး ကြေညာချက်တစ်စောင်မှာ ပြောကြားခဲ့ပါတယ်။
သူက “အဲဒီအချိန်မှာ နိုင်ငံ့အတွက် အမျိုးသားဝတ်စုံကို ဝတ်ဆင်ပြီး အစွမ်းကုန် ပေးဆပ်ဖို့ သူ့ရဲ့ ရွေးချယ်ခဲ့မှုက သူ့ရဲ့ အသက်အရွယ်ထက် ကျော်လွန်ပြီး စရိုက်လက္ခဏာနဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုရဲ့ အနက်ရှိုင်းဆုံး လက္ခဏာကို ပြသနေပြီး တန်ဖိုးရှိတဲ့တောင်အာဖရိက လူငယ်တစ်ယောက် ဆုံးရှုံးခဲ့ရတာကို ထင်ဟပ်စေပါတယ်။” လို့ ထပ်လောင်းပြောခဲ့ပါသေးတယ်။
Ref. Reuters
