သက်တံ့၊ ထွေးကိုထွန်း
၁၃. ၇. ၂၀၂၆
ဘန်ကောက်မြို့ ချတုချက် (Chatuchak) ခရိုင်၊ လတ်ဖယောင်း (Lad Phrao) လမ်းပေါ်ရှိ လူကြိုက်များသော စားသောက်ဆိုင်နှင့် အပန်းဖြေနေရာ (Restaurants & Pub) တစ်ခုဖြစ်သည့် “ရွန်းဘီယာ နာ လတ်ဖယောင်း” (Rong Beer Na Ladprao) တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၇ ဦး သေဆုံးသွားခဲ့ကြောင်း ထိုင်းနိုင်ငံ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ချရေးဦးစီးဌာန (DDPM) ၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါမီးလောင်မှုမှာ ဇူလိုင် ၁၂ ရက် ညသန်းခေါင်ယံအချိန်ခန့်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားနေသော ညနေခင်းမြင်ကွင်းကို ရုတ်ချည်းပင် ဖရိုဖရဲဖြစ်မှုနှင့် ဆုံးရှုံးမှုမြင်ကွင်းများအဖြစ် ပြောင်းလဲသွားစေခဲ့သည်။
သေဆုံးသူများအနက် ၉ ဦးမှာ အမျိုးသားများဖြစ်ပြီး ၁၈ ဦးမှာ အမျိုးသမီးများဖြစ်ကာ အများစုမှာ လူငယ်များဖြစ်ကြကြောင်း သတင်းရရှိသည်။ ထို့ပြင် အခြားလူ ၁၈ ဦးလည်း ဒဏ်ရာရရှိခဲ့သဖြင့် ထိခိုက်ဒဏ်ရာအခြေအနေအလိုက် စိုးရိမ်ရ (အနီရောင်)၊ အလယ်အလတ် (အဝါရောင်) နှင့် မစိုးရိမ်ရ (အစိမ်းရောင်) ဟူ၍ အဆင့်ခွဲကာ ချူလာလောင်ကွန်း၊ ရာဇာဝီသီ၊ ရာမ ၉၊ ပါအိုလို ကာဆက်၊ ဖရာမုန်ကွတ်ကလောင်း၊ ပတ်ချာဝေ့ နှင့် ရဲဆေးရုံ စသည့် အနီးနားရှိ ဆေးရုံများသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ရသည်။






လွတ်မြောက်လာသူများနှင့် ထိုစဉ်က ဖျော်ဖြေနေသည့် တေးဂီတအဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ မီးမှာ စင်မြင့်အနီးမှ စတင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ စင်မြင့်အနီးရှိ ဆားကစ်ဘရိတ်ကာ (သို့မဟုတ်) လျှပ်စစ်ထိန်းချုပ်ခန်းနေရာမှ မီးခိုးများ ထွက်လာသည်ကို ဦးစွာမြင်တွေ့ခဲ့ရပြီးနောက် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားကာ အဆောက်အအုံအတွင်းသို့ မည်းမှောင်ထူထပ်သော မီးခိုးလုံးများ လျင်မြန်စွာ ဖုံးလွှမ်းသွားခဲ့သည်။ မီးတောက်များမှာ အရှိန်အဟုန်ဖြင့် ကူးစက်လောင်ကျွမ်းသွားသောကြောင့် Pub အတွင်းရှိ ဧည့်သည်များမှာ သတိမမူမိဘဲ ရုတ်တရက် အနိဋ္ဌာရုံနှင့် ကြုံတွေ့ခဲ့ရသည်။ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်များတွင် မြင်တွေ့ရသည့်အတိုင်း မီးတောက်များမှာ Pub ၏ ရှေ့တံခါးမကြီးများမှတစ်ဆင့် အပြင်ဘက်သို့ ဂဟေဆော်သည့် မီးတောက်များကဲ့သို့ အရှိန်ပြင်းပြင်းဖြင့် ပန်းထွက်လောင်ကျွမ်းခဲ့သည်။
သေဆုံးခဲ့ရသူ အများအပြားကို သန့်စင်ခန်းများအတွင်း၌ တွေ့ရှိခဲ့ရပြီး ၎င်းတို့မှာ မီးခိုးများကြောင့် အမြင်အာရုံကွယ်ပျောက်ကာ ထွက်ပေါက်များကို မီးခိုးနှင့် ထိတ်လန့်တကြားဖြစ်မှုများက ပိတ်ဆို့ထားသည့်အတွက် သန့်စင်ခန်းများထဲသို့ ဝင်ရောက်ခိုလှုံခဲ့ကြရာမှ ပိတ်မိသွားခဲ့ကြခြင်းဖြစ်ပုံရသည်။ အာဏာပိုင်များအနေဖြင့် မီးလောင်ရသည့် အကြောင်းရင်းမှန်ကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိပြီး ပဏာမတွေ့ရှိချက်များအရ လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဖြစ်နိုင်ကြောင်း ညွှန်ပြနေသည်။
မှုခင်းဆေးပညာအဖွဲ့များက သေဆုံးသူများ မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသတ်မှတ်ရန်နှင့် မည်သည့်အရာက မှားယွင်းသွားခဲ့သည်ကို ရှာဖွေဖော်ထုတ်ရန် လုပ်ဆောင်နေချိန်တွင် ဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူလ် (Anutin Charnvirakul) ကိုယ်တိုင် အခင်းဖြစ်ပွားရာနေရာသို့ လာရောက်ကြည့်ရှုခဲ့သည်။ ထို့ပြင် အဆိုပါဖျော်ဖြေရေးနေရာ၌ စနစ်တကျရှိပြီး သော့ခတ်မထားသော အရေးပေါ်ထွက်ပေါက်များ၊ မီးသတ်စပရင်ကလာများ၊ မီးသတ်ဆေးဘူးများ၊ မီးသတိပေးအချက်ပြစနစ်များနှင့် အခြားသော ကြိုတင်ကာကွယ်ရေး အစီအမံများ ရှိ၊ မရှိကိုလည်း အပြည့်အဝ စစ်ဆေးသွားမည်ဖြစ်သည်။
အာဏာပိုင်များသည် အခင်းဖြစ်ပွားရာနေရာကို ဆက်လက်စစ်ဆေးနေဆဲဖြစ်ပြီး သေဆုံးသူများ၏ မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း အတည်ပြုနိုင်ရန် လုပ်ဆောင်နေဆဲဖြစ်သည်။ ယခုဖြစ်ရပ်သည် ဘန်ကောက်မြို့ခံများကို တုန်လှုပ်ခြောက်ခြားစေခဲ့ပြီး ဖျော်ဖြေရေးလုပ်ငန်းများ၏ ဘေးအန္တရာယ်ကင်းရှင်းရေး စံနှုန်းများနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့သည်။
Ref: Pattaya News
