သက်တံ့
၈. ၇. ၂၀၂၆
အိန္ဒိယနိုင်ငံသည် ၎င်း၏ အသံထက်မြန်သော ဘရာမို့စ် (BrahMos) ခရုစ်ဒုံးကျည်များနှင့် အက်စထရာ (Astra) ဝေဟင်မှဝေဟင်ပစ်ဒုံးကျည်များကို ဘရစ်စ် (BRICS) အဖွဲ့ဝင် မဟာမိတ်နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံသို့ ရောင်းချသွားမည် ဖြစ်သည့်အပြင် နှစ်နိုင်ငံအကြား ကာကွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် သဘောတူညီချက် အမြောက်အမြားကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။
အင်ဒိုနီးရှားနိုင်ငံသည် အင်ဒိုနီးရှားသမ္မတနိုင်ငံ၏ အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သော ဘင်တန် အာဒီပါနာ (Bintang Adipurna) ဘွဲ့တံဆိပ်ကို အင်ဒိုနီးရှားနိုင်ငံသို့ တရားဝင် အလည်အပတ်ရောက်ရှိနေသည့် အိန္ဒိယဝန်ကြီးချုပ် မိုဒီအား ဇူလိုင် ၇ ရက်တွင် ဂုဏ်ပြုအပ်နှင်းခဲ့ကြောင်းလည်း သိရသည်။

အိန္ဒိယနှင့် အင်ဒိုနီးရှားတို့သည် ၂၀၁၈ ခုနှစ်တွင် နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်အဆင့် (Comprehensive Strategic Partnership) သို့ မြှင့်တင်ခဲ့ပြီးနောက် မိုဒီသည် ထိုအချိန်မှစ၍ အင်ဒိုနီးရှားနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့် အိန္ဒိယဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
ဒုံးကျည်အရောင်းအဝယ် သဘောတူညီချက်သည် မိုဒီ၏ ခရီးစဉ်အတွင်း အဓိက မှတ်တိုင်တစ်ခု ဖြစ်သည်။ ဗြဟ္မပုတ္တရ (Brahmaputra) မြစ်နှင့် မော့စကွာ (Moskva) မြစ်တို့ကို အစွဲပြု၍ အမည်ပေးထားသော ဘရာမို့စ် (BrahMos) ဒုံးကျည်သည် ကမ္ဘာပေါ်တွင် အမြန်ဆုံး အသံထက်မြန်သော ခရုစ်ဒုံးကျည်များထဲတွင် ပါဝင်သည်။ မိုဒီနှင့် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) တို့သည် အခြားသော နှစ်နိုင်ငံသဘောတူညီချက်များနှင့်အတူ အဆိုပါ ဒုံးကျည်အရောင်းအဝယ်စာချုပ်ကို ဇူလိုင် ၇ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။
အိန္ဒိယနှင့် ရုရှားတို့ ပူးတွဲထုတ်လုပ်ပြီး အိန္ဒိယနိုင်ငံတွင် အခြေစိုက်ထုတ်လုပ်သည့် ဘရာမို့စ်ဒုံးကျည်များကို ဖိလစ်ပိုင်နိုင်ငံသို့လည်း ရောင်းချထားပြီး ဖြစ်သည်။ လွန်ခဲ့သည့်နှစ်က အိန္ဒိယက “အော်ပရေးရှင်း ဆင်ဒူးရ်” (Operation Sindoor) ဟု အမည်ပေးထားသည့် ပါကစ္စတန်နှင့် ခေတ္တဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခအတွင်း အိန္ဒိယနိုင်ငံဘက်က ဤလက်နက်ကို အသုံးပြုခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့နိုင်ငံများက ယင်းလက်နက်အပေါ် စိတ်ဝင်စားမှု မြင့်တက်လာခဲ့သည်။ အိန္ဒိယသည် ဂျာကာတာ (အင်ဒိုနီးရှားအစိုးရ) သို့ ဘရာမို့စ် ဒုံးကျည်ပစ်လွှတ်စင်နှင့် ဆက်စပ်ပစ္စည်းများကိုလည်း ပံ့ပိုးပေးသွားမည် ဖြစ်သည်။
အက်စထရာ (Astra) သည် အိန္ဒိယကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (DRDO) မှ ထုတ်လုပ်ထားသော အသံထက်မြန်သည့် Beyond-visual-range အမျိုးအစား ဝေဟင်မှဝေဟင်ပစ် ဒုံးကျည်တစ်မျိုး ဖြစ်သည်။
မိုဒီ၏ ခရီးစဉ်သည် အရေးကြီးတွင်းထွက်ပစ္စည်းများနှင့် ရေကြောင်းပူးပေါင်းဆောင်ရွက်မှု ကဏ္ဍများတွင်လည်း ရလဒ်ကောင်းများ ထွက်ပေါ်စေခဲ့သည်။ အိန္ဒိယအစိုးရသည် ၎င်း၏ တွင်းထွက်ပစ္စည်း ထောက်ပံ့ရေးကွင်းဆက်ကို အားကောင်းစေရန် အာရုံစိုက်နေသဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ သံမဏိထုတ်လုပ်မှု၊ နီကယ်နှင့် ရှားပါးမြေဒြပ်စင် သံလိုက် (Rare-earth magnets) လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်သည်။
ထို့ပြင် နှစ်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံ၏ မြောက်ဘက်အကျဆုံးတွင် တည်ရှိပြီး ကမ္ဘာ့ရေကြောင်း သွားလာရေး၏ အချက်အချာကျသော မလက္ကာရေလက်ကြား (Strait of Malacca) နှင့် နီးကပ်စွာ တည်ရှိသည့် ဆာဘန်ဆိပ်ကမ်း (Sabang Port) ရေနက်ဆိပ်ကမ်းကို ပူးတွဲအဆင့်မြှင့်တင် တည်ဆောက်သွားမည် ဖြစ်သည်။
အဆိုပါ ဆိပ်ကမ်းသည် အိန္ဒိယနိုင်ငံအတွက် မဟာဗျူဟာမြောက် အရေးပါလှသည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် အိန္ဒိယအစိုးရက ထိုကျွန်းကို မဟာဗျူဟာနှင့် စီးပွားရေးအချက်အချာနေရာအဖြစ် ပြောင်းလဲရန် အကြီးစားစီမံကိန်းအဖြစ် ဖော်ဆောင်နေသော “ဂရိတ်နီကိုဘာ စီမံကိန်း” (Great Nicobar project) နှင့် ကီလိုမီတာ ၁၆၀ သာ ကွာဝေးသောကြောင့် ဖြစ်သည်။
Ref : Khmer Times / RT
