
၅. ၅. ၂၀၂၅
Written by Phyo Wei
SAC ဥက္ကဋ္ဌရဲ့ ရုရှားခရီးစဥ်အပြီး အစိုးရဘက်က မြန်မာနိုင်ငံနဲ့ တနင်္သာရီပြည်သူတွေဘဝ အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်စေမယ့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ရုရှားနိုင်ငံနဲ့ အလျင်အမြန်အကောင်အထည်ဖော်ဖို့ လုပ်ဆောင်လာချိန် ဒေသမှာရှိတဲ့ မွန်နဲ့ ကရင်လက်နက်ကိုင်တွေ၊ PDF တွေက တိုက်ခိုက်ဖျက်ဆီးမှု စလာပြီး ထိုးစစ်အရှိန်မြှင့်လာခဲ့သလို ထားဝယ်ရေနက်ဆိပ်ကမ်းသို သွားရောက်တဲ့ လမ်းပေါ်မှာရှိတဲ့ ဒေါက်လောက် ဘေလီတံတားကိုပါမီးရှို့ဖျက်ဆီးလိုက်မှုနဲ့ ထားဝယ်မြို့ကပါ PDF တွေ အသိမ်းခံရတော့မလား စိုးရိမ်စရာဖြစ်လာတာ တွေ့ရပါတယ်။
ဒါ့အပြင် ပြည်ပ သွားရောက်လုပ်ကိုင်မှုတွေကြောင့် ပြည်တွင်းမှာ အလုပ်သမားရှားပါးမှုတွေ ဖြစ်ပေါ်နေလို့ပြည်ပ သွားရောက်လုပ်ကိုင်တာထက် ဘဝလုံခြုံမှုရှိတဲ့ ပြည်တွင်းမှာ လုပ်ကိုင်နိုင်ရေးတို့ကို ဆောင်ရွက်ဖို့လိုအပ်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားလာတာ၊ ငလျင်ဘေးအတွက် ပြည်တွင်းပြည်ပအလှူငွေ ကျပ် ၁၁၅ ဘီလျံကျော်၊ အမေရိကန်ဒေါ်လာ ၂ သန်းခွဲကျော်၊ ကိုရီးယားဝမ် ၅ သန်း၊ အိန္ဒိယရူပီး ၁၅ သန်း၊ ထိုင်းဘတ် ၂ သန်းနဲ့ စင်ကာပူဒေါ်လာ ၃၁၅၀ လက်ခံရရှိထားပြီး ပျက်စီးနေအိမ်တွေအတွက် ထောက်ပံ့ရမယ့်နှုန်းထားတွေ အမြန်ဆုံးတွက်ချက်တင်ပြနိုင်ဖို့လိုတယ်လို SAC ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားလာတာ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အခွန်ကို ပြည်ပခရီးစဥ်အတွက် ၂၅ ဒေါ်လာနဲ့ ပြည်တွင်းခရီးစဥ်အတွက် ကျပ် ၁၅၀၀၀ တိုးမြှင့်ကောက်ခံလိုက်ပြီး မေ ၁၂ ရက် မတိုင်မီ လက်မှတ်ဝယ်ထားသူတွေပါ ထပ်မံပေးဆောင်ရမယ်ဆိုတာ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က ထောက်ပံ့တဲ့ ဘီစကွတ်တစ်ထုပ်ကို ကျပ် ၅၀၀ နဲ့ ရောင်းချနေတယ်လို့ NUG ထောက်ခံသူက သတင်းမှားဖြန့်ဝေမှူအပေါ် သိရှိကြောင်းနဲ့ ဒီဖြန့်ဝေမှုက ခိုင်လုံသက်သေမရှိကြောင်း ကုလသမဂ္ဂကိုယ်တိုင်က တုံ့ပြန်လိုက်တာ စတဲ့ ဖြစ်စဉ်တွေရှိပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကိုတော့ သယံဇာတခိုးထုတ်လို့ ပြည်သူဆန္ဒပြခံရတဲ့ NLD အမတ်ဟောင်းနဲ့ ပသုံးလုံးတွေအကြောင်း၊ ငလျင်ကြောင့် ပျက်စီးသွားတဲ့ နေပြည်တော် ပြန်လည်တည်ဆောက်ရေးနဲ့ NUG ဟာ တရုတ်အကျိုးစီးပွား မထိခိုက်ဘူးဆိုပြီး ဒူဝါလရှီးလ ထုတ်ပြောလာတဲ့အကြောင်းတွေကို သုံးသပ်တင်ပြချင်ပါတယ်။
◾ သယံဇာတခိုးထုတ်လို့ ပြည်သူဆန္ဒပြခံရတဲ့ NLD အမတ်ဟောင်းနဲ့ ပသုံးလုံး
စစ်ကိုင်းတိုင်း၊ ဘုတလင်မြိုနယ် လေးမြေရွာအနီးမှာ ချင်းတွင်းမြစ်ထဲ ရွှေမျောစီမံကိန်း လုပ်ကိုင်နေကြတဲ့အထဲ NUG ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ NLD ပါတီရဲ့ ပြည်သူ့ လွှတ်တော်အမတ်ဟောင်း ဦးမြင့်ဟန်ထွန်း ပါဝင်ပတ်သက်နေတာဖြစ်ပြီး NUG ရဲ့ ပသုံးလုံးအဖွဲ့ဝင်တွေဖြစ်တဲ့ ပကဖ၊ ပအဖ၊ ပလဖ အဖွဲ့တိုင်းမှာ ဦးမြင့်ဟန်ထွန်းရဲ့ လူယုံတွေနဲ့ ဆွေမျိုးသားချင်းတွေချည်း ရှိနေတာကြောင့် ဘယ်သူကမှ တားမြစ်အရေးယူမပေးလို့ ဒေသခံတွေက ဆန္ဒပြခဲ့ကြပါတယ်။
ဒီလို ဆန္ဒပြရာမှာ “ပြည်သူ့လွှတ်တော်အမတ် ဦးမြင့်ဟန်ထွန်း အလိုမရှိ”၊ “မြို့နယ်ကာကွယ်ရေး(ပ.က.ဖ) ဂျိုးပေါက် အလိုမရှိ”၊”မြို့နယ်လုံခြုံရေး(ပ.လ.ဖ) ကောင်းမြတ်ထွန်း(ခ)ကောင်းကောင်း အလိုမရှိ”၊ “မြို့နယ်ကာကွယ်ရေး(ပ.က.ဖ) ငကြွက် အလိုမရှိ” ၊ “မင်းတို့ဆီက လက်နက်တွေက ခရိုနီတွေကို ကာကွယ်ဖိုလား” ၊ “မြို့နယ်သယံဇာတ အောင်မြင့်အေး အလိုမရှိ”၊ “နိုင်ငံရေးအကြောင်းပြ စီးပွားရှာသူများ အလိုမရှိ”၊ “ဘုတလင်မြိုနယ် ပ.က.ဖ အလိုမရှိ- ပလဖ အလိုမရှိ”၊ “ဘုတလင်မြိုနယ် လေးမြေရွာ ရွှေမျောစီမံကိန်း အလိုမရှိ” စတဲ့ဆိုင်းဘုတ်တွေ ကိုင်ဆွဲပြီး NUG၊ NLD က တာဝန်ပေးထားတဲ့ လက်နက်ကိုင်အစုအဖွဲ့ရဲ့ တာဝန်ရှိသူအားလုံးကို ဒေသခံတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြတာလည်း တွေ့ရပါတယ်။
နွေဦးတော်လှန်ရေးအစမှာ သုံးလအတွင်း၊ ခြောက်လအတွင်း အောင်မြင်မယ်လို့ ပြည်သူကို False Hope တွေနဲ့ ဂျင်းထည့်နိုင်ခဲ့လို့ ပြည်သူတွေက ဝိုင်းဝန်းလှူဒါန်းကြပေမဲ့ ဒီ အလှူငွေတွေ စာရင်းမရှင်းနိုင်သလို ပြည်ပပြေးကြတဲ့ NUG ဝန်ကြီးတွေ၊ ထောက်ပို့တွေ ခိုးဖွက်၊ ဇိမ်ခံပြီး မိသားစုဘ၀ အခြေကျဖို့ အလှူငွေ အသုံးချလာတာကို လူထုက မြင်လာရချိန်မှာ အလှူငွေတွေအစား ဝင်ငွေရဖို့ ကြံဆရချိန် နယ်မြေထိန်းချုပ်နေရာတွေမှာ PDF တွေဟာ ရွှေလို၊ သစ်လို၊ ရေနံလို သယံဇာတတွေ ခိုးထုတ်တာ၊ ဆက်ကြေးကောက်တာ၊ အရက်ဆိုင်၊ ကေတီဗီ၊ ပြည့်တန်ဆာခန်းဖွင့်တာ၊ ဓားပြတိုက်တာ၊ လူသတ်လုယက်ပြီး သူလျှို၊ ဒလန် တံဆိပ်ကပ်လိုက်တာ စတဲ့ အဖွဲ့လိုက်ရှင်သန်ရေးအတွက် နည်းမျိုးစုံသုံးပြီး ငွေရှာတဲ့အခါမှာ ဒီဘေးထွက်ဆိုးကျိုးကို နိုင်ငံနဲ့ ပြည်သူကပဲ ပြန်ပြီး ခံရတော့တာပါ။ ဒီလို နည်းမျိုးစုံနဲ့ ရှာတဲ့ငွေတွေက နိုင်ငံနဲ့ ပြည်သူအကျိုးအတွက် သုံးဖို့ထက် PDF တွေ လက်နက်ခဲယမ်းဝယ်ဖို့၊ ဇိမ်ခံဖို့၊ ဘာအလုပ်မှ မလုပ်ဘဲ လက်နက်ကိုင်နေတဲ့ လူ ရာချီ စားစရိတ်အတွက်ပဲ ဖြစ်သွားပြီး စစ်ပွဲတွေ ဆင်နွှဲဖို့ပါ လုပ်နေတာကြောင့် ဒီလိုမျိုး လုပ်ရပ်တွေရဲ့ နောက်ဆက်တွဲ ကုန်စျေးနှုန်းကြီးမြင့်မှု၊ စစ်ကြောင်းထိုးခံရမှုတွေပါ ဖြစ်လာရလို့ ဒေသခံပြည်သူတွေဟာ နောက်ဘုန်းကြီး နှစ်ချက်ခေါက်လို့ မိအေး ဆယ်ခါလောက် နာနေရတာပါ။ ပိုပြီးဆိုးတာက ဒီတော်လှန်ရေးမှာ မြေကျန်ရင်ရပြီဆိုပြီး လက်နက်ကိုင်တွေယုံလိုက်တာ အခုဆို လက်နက်ကိုင်တွေ ထိန်းချုပ်သွားတဲ့ နေရာက သယံဇာတထွက်ရှိရာ ဒေသမှာ ပြည်သူတွေက မြေပိုင်ခွင့် မြေကျန်ခွင့်တောင်မရတော့ဘဲ လက်ငုပ်တွေ၊ ကိုယ့်လုပ်ကွက်တွေပါ ဆုံးရှုံးလို့ နေရာတိုင်းမှာ အပူလုံးကြီးကြီးနဲ့ ဆန္ဒပြနေတာလည်း တွေ့ရမှာပါ။ ဒီလိုဖြစ်ရပ်တွေဟာ လက်နက်ကိုင်လိုက်တာနဲ့ သွေးကြွသွား၊ သွေးပြောင်းသွားတတ်တာ၊ သေနတ်ကိုင်ပြီး ရှာရတဲ့ စီးပွားရေးဟာ လူထုဒုက္ခအရောက်ဆုံးနဲ့ လက်နက်ကိုင်တွေအဖို့တော့ အရသာအရှိဆုံး စီးပွားရေးဆိုတာကို ကြိုမသုံးသပ်နိုင်တဲ့ နုံနဲမှုကြောင့်ပါ။ အခုအချိန်မှာတော့ ကိုယ်ဝယ်ပေးတဲ့လက်နက်နဲ့ ကိုယ့်ပြန်သတ်ဖြတ်တာကို လက်နက်ကိုင်နယ်မြေတွေက ပြည်သူတွေ လည်စင်းခံနေရပြီး ဒီလိုခံနေရတာလည်း မအော်ရဲ မပြောရဲဖြစ်နေတာ များစွာမြင်နေရပေမဲ့ ကိုယ့်ရွေးချယ်တဲ့ မိုက်မဲမှုဒဏ် ဝဋ်ခံဆပ်ရမှာသာဖြစ်ပြီး ဒီဝဋ်တွေက အနည်းဆုံး ဆယ်စုနှစ်လောက် ထပ်ခံရဖွယ်လည်း မြင်နေရလို့ ကိုယ့်အလှူပြစ်မှုကြွေး အသက်ချွေးနဲ့ဆပ် အားတင်းခံကြပါဦးလို့ပဲ ဆက်ပြောရပါလိမ့်မယ်။
◾ နေပြည်တော် ပြန်လည်တည်ဆောက်ရေး
မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့တဲ့ နေပြည်တော်က ရုံးဌာနအဆောက်အဦတွေကို မူလတည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေက တာဝန်ယူဆောင်ရွက်ရမှာဖြစ်တယ်လို့ အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားလာပါတယ်။ ဘယ်လိုပုံစံနဲ့ ဆောက်လုပ်ခိုင်းမယ်။ ဘယ်လိုတာဝန်ယူရမယ်ဆိုတာ အသေးစိတ် မဖော်ပြသေးပေမဲ့လည်း နေပြည်တော် တည်ဆောက်ရေးမှာ ပါဝင်ခဲ့တဲ့ ကုမ္ပဏီအားလုံးလည်း တစ်ပတ်အတွင်း ဆက်သွယ်ဖို့ ဧပြီ ၂၆ ရက်က အသိပေးကြေညာခဲ့ပါတယ်။
နှစ် ၂၀၀ လောက်အတွင်း အဆိုးရွားဆုံးနဲ့ ကမ္ဘာမှာ အပြင်းထန်ဆုံး ငလျင်လို့ သတ်မှတ်ခံရတဲ့ မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၀ ခုမှာ ထိခိုက်ပျက်စီးခဲ့ရပြီး အိမ်ထောင်စု ၁၂၈,၉၆၅ စု၊ လူဦးရေ ၆၂၉,၂၀၆ ဦး ငလျင်ဘေးကြုံတွေ့ခဲ့ရသလို DMC ရဲ့ ဧပြီ ၂၃ ရက် စာရင်းအရ ကယ်ဆယ်ရေးစခန်း ၁၃၅ ခုကို ပြောင်းရွှေ့နေထိုင်သူ ၄၈,၆၅၆ ဦးရှိခဲ့ပြီး မိမိအစီအစဉ်နဲ့ ပြောင်းရွှေ့ နေထိုင်သူ ၁၅၉,၂၃၉ ဦး၊ ငလျင်ဘေးသင့်ခဲ့ပေမဲ့လည်း နေအိမ်တွေမှာ နေထိုင်လို့ရတဲ့အတွက် ဆက်လက်နေထိုင်သူ ၄၂၁,၃၁၁ ဦးရှိတာကို တွေ့ရတယ်လို့ SAC ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။
မန္တလေးငလျင်ကြီးကြောင့်ပဲ မေ ၄ ရက်အထိ သေဆုံးသူ ၃၇၈၅ ဦးရှိလာပြီး ၉၂ ဦးက ပျောက်ဆုံးဆဲဖြစ်နေသလို နေအိမ် ၆၅၀၀၀ ကျော်လည်း ပြိုပျက်ခဲ့ရပါသေးတယ်။ ဒါဟာ SAC ဘက်က စာရင်းတွေအရပဲဖြစ်ပြီး အခြားသော အာဏာစက်လွတ်ကင်းရာနေရာတွေက ပျက်စီးသေဆုံးမှုတွေနဲ့ဆို အနည်းဆုံး လူ ၄၀၀၀ ကျော်သေဆုံးပြီး နေအိမ်လည်း ၇၀၀၀၀ ကျော် ၈၀၀၀၀ ဖြစ်သွားနိုင်ပါတယ်။ ဒီနေရာမှာ ဒီလို ပြိုပျက်ခဲ့မှုတွေကြောင့် ပြည်သူတွေ သေဆုံးရမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်ကချည်း ခေါင်းခံ သေဆုံးဒဏ်ရာရသူတွေ ငွေကြေးထောက်ပံ့နေလို့မရဘဲ ဒီလိုပြိုပျက်ခဲ့တဲ့ အဆောက်အအုံတွေ တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေကို နိုင်ငံတော်က အမှူဖွင့်အရေးယူတာ၊ ဒီကုမ္ပဏီတွေရဲ့ ဆောက်လုပ်မှုကြောင့် သေဆုံးဘ၀ပျက်ခဲ့ရသူတွေအတွက် သတ်မှတ်လျော်ကြေးကို ကုမ္ပဏီဘက်က ပေးစေတာမျိုးကို အစိုးရက လုပ်ခိုင်းဖို့လည်း လိုအပ်ပါမယ်။ ဒီလို အရေးမယူဘူးဆို ဆောက်လုပ်ရေးကုမ္ပဏီတွေက ခိုပြီးရင်းခိုရင်း၊ ညံ့ပြီးရင်းညံ့ရင်း အမှတ်သည်းခြေမရှိ အဂတိနဲ့ ဆက်ဆောက်ကြရင် ငလျင်ကြောပေါ်က မြန်မာနိုင်ငံဟာ ငလျင်တစ်ခါလှုပ်တိုင်း ပြည်သူပဲ ခံစားရမှု မဆုံးနိုင်အောင် ဖြစ်နေပါမယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ဧပြီ ၅ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ မျက်မြင်စစ်ဆေးချက်တွေအရ အချို့အဆောက်အဦတွေဟာ သတ်မှတ်ချက်နဲ့ မကိုက်ညီတာကို တွေ့ရှိရလို့ အင်ဂျင်နီယာပိုင်းဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီတာကို ပြန်လည်စစ်ဆေးအရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားထားပေမဲ့ တစ်လပြည့်တဲ့ ဒီနေ့အထိတော့ ဘယ်လိုစစ်ဆေးမေးမြန်း အရေးယူမှုမှ မတွေ့ရသေးတာကြောင့် သေဆုံးထိခိုက် ဘ၀ပျက်ရတဲ့ ပြည်သူထောင်သောင်းချီအတွက် အစိုးရဘက်က ထိုက်သင့်တဲ့ကြီးကြပ်မှုနဲ့ စစ်ဆေးအရေးယူတာ အမြန်လုပ်ပေးသင့်ပါတယ်လို့ တိုက်တွန်းချင်ပါတယ်။
◾ တရုတ်အကျိုးစီးပွား မထိခိုက်ဘူးဆိုတဲ့ NUG
နွေဦးတော်လှန်ရေးစတင်ချိန်ကနေ ဒီနေ့အထိ တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေကို PDF တွေက မီးရှို့ဖျက်ဆီး တိုက်ခိုက်မှုများစွာ ပြုလုပ်နေတဲ့အပြင် ဆန္ဒပြမီးရှို့ဖျက်ဆီးမှုတွေပါ ပြုလုပ်နေပေမဲ့လည်း NUG က တရုတ်ရဲ့ ရန်သူမဟုတ်သလို တရုတ်အကျိုးစီးပွားကိုလည်း ထိခိုက်မယ့်အဖွဲမဟုတ်ပါကြောင်း PDF တို့ရဲ့ ခေါင်းကိုင်ဖခင် NUG ယာယီသမ္မတ ဒူဝါလရှီးလက NUG ရဲ့ အစည်းအဝေး ၁၃/၂၀၂၅ မှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ NUG နဲ့ PDF တွေက တရုတ်နိုင်ငံကို ဆန္ဒပြမှုများစွာအပြင် တရုတ်သမ္မတရှီကျင့်ဖိန်ပုံ၊ တရုတ်အလံတို့ကို မီးရှိုကာ ခြေနဲ့နင်းတာတွေလည်း ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ပြုမူခဲ့ဖူးပါတယ်။ တရုတ်ရဲ့ စီမံကိန်းတွေကို ဖျက်ဆီးတိုက်ခိုက်ရာမှာလည်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်းက အဓိကတိုက်ခိုက်မှု ကြုံနေရသလို ဒေါ်လာသန်း ၉၀၀ ခန့် မြှုပ်နှံထားတဲ့ တကောင်းတောင်စီမံကိန်းမှာလည်း ၂၀၂၄ ခုနှစ် ဇူလိုင်လကစတင်လို့ PDF တွေ တိုက်ခိုက်ဖျက်ဆီး သိမ်းယူခံထားရတာပါ။ ဒါပေမဲ့ ဒူဝါလရှီးလကတော့ “တရုတ်နိုင်ငံဘက်က NUG အပေါ် အမြင်တချို့ကို ပြန်လည်တည့်မတ်ပေးဖို့ ကိစ္စဖြစ်ကြောင်း ၊ တရုတ်အနေနဲ့ NUG အပေါ်မှာ အမျိုးမျိုးသော ထင်ကြေးတွေနဲ့ ချည်းကပ်ထင်မြင်နေတာ ကြာပြီဖြစ်ကြောင်း၊ NUG အနေနဲ့ ဒီအချက်ကိုလည်း လေးနက်စွာ ကိုင်တွယ်ဖြေရှင်းဖို့ လိုကြောင်း၊ NUG အဖွဲ့ဟာ “တရုတ်ရဲ့ ရန်သူ မဟုတ်ကြောင်း ၊ “တရုတ်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့်အဖွဲ့မဟုတ်ကြောင်း” ဆိုတာ တိတိကျကျ ထုတ်ဖော်ပြောဆိုနိုင်ဖို့ လိုကြောင်း၊ NUG ဟာ တရုတ်နဲ့ပတ်သက်ရင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို အခြေခံတဲ့ နိုင်ငံခြားရေးသဘောထား ရှိကြောင်း၊ ဒါ့ကြောင့် NUG ဟာ တရုတ်ရဲ့ ရန်ဘက်အင်အားစုတစ်ခုလည်း မဟုတ်ဘူးဆိုတာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသသင့်ကြောင်း၊ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ တရုတ်ရဲ့ အကျိုးစီးပွားတွေနဲ့ ပတ်သက်ရင်လည်း NUG ဟာ တရုတ်အတွက် ဆူးညှောင့်ခလုတ်အဖြစ် ရှိနေမှာ မဟုတ်ဘဲ မိတ်ဖက်အနေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းကို တရုတ်ဘက်ကို သတင်းစကားပါးသင့်ကြောင်း” ပြောဆိုခဲ့တာကိုလည်း တွေ့ရပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံပေါင်း ၅၃ နိုင်ငံက မြုပ်နှံမှုတွေထဲ ဒေါ်လာ ၂၂ ဘီလျံကျော်နဲ့ ဒုတိယအများဆုံး မြှုပ်နှံထားတဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ PDF တွေရဲ့ ဖျက်ဆီးတိုက်ခိုက်မှုအခံရဆုံးဖြစ်ပြီး ဒေါ်လာ ဘီလျံချီ နစ်နာထားပါတယ်။ ဒါ့အပြင် EAOs တွေနဲ့ PDF တွေက တရုတ်စီမံကိန်းနေရာတွေ၊ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ဖြတ်တောက်ထားလို့ နှစ်စဉ်ဒေါ်လာဘီလျံ ဆယ်ချီရှိတဲ့ အပြန်အလှန်ကုန်သွယ်မှုတွေလည်း ကျိုးပြတ်နေရပါသေးတယ်။ ဒီလိုအနေအထားမျိုးမှာ NUG ဟာ တရုတ်ရန်သူမဟုတ်ဘူး၊ တရုတ်အကျိုးစီးပွားမထိခိုက်ဘူးတို့ ဘာလို့မျက်နှာပြောင်တိုက် ပြောနေရတာလဲဆိုရင် ဖြစ်နိုင်ခြေဟာ ဒီနှစ်မကုန်ခင်လုပ်မယ့် ရွေးကောက်ပွဲ မတိုင်ခင်မှာ NUG လုပ်ချင်တဲ့ အထွေထွေထိုးစစ်အတွက် Proxy War ဝင်ကစားမယ့်၊ နောက်ကွယ်ကနေ လက်နက်ခဲယမ်းငွေကြေး သန်းရာချီ ထောက်ပံ့မယ့်သူ ရချင်လို့ပဲ ဖြစ်ပါလိမ့်မယ်။ USAID ဖျက်သိမ်းသွားပြီးနောက်မှာ တစ်နှစ်သန်း ၃၀၀ လောက် အမေရိကန်ဆီက သပိတ်ဝင် အိတ်ဝင်မှု ရပ်တန့်သွားတဲ့ NUG အဖို့ ဒီဟာကွက်ကို ကုစားဖို့ ပြေးကပ်ရမယ့်နိုင်ငံရှာနေချိန်မှာ ၁၀၂၇ သင်ခန်းစာအရလည်း နိုင်ငံတစ်ခုခု Backup ထား တိုက်ရတာက ပိုအောင်မြင်မှုမြန်တယ်ဆိုတာ သဘောပေါက်လာလို့ တလွဲတွေပြောပြီး မျက်နှာပြောင်တိုက်နေပုံပါ။ နိုင်ငံရေးမှာ အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေဆိုတာ မရှိသလို စစ်ပွဲမှာဆိုလည်း အသိအမှတ်ပြုခံရဖို့ နယ်မြေလုပြီးမှ ကတ်တွေကိုင်ပြီး တရားဝင်မှု ရှာဖွေတာလည်း MNDAA နဲ့တင် အတိအလင်း မြင်ထားရပြီမို့လို့ လုပ်ဇာတ်စစ်ပွဲတွေထပ်ယုံပြီး ပြည်သူတွေက ဘ၀တွေ အသက်တွေ ပုံမယ့်အစား သေချာပေါက် နိုင်ငံပြောင်းလဲမယ့် ရွေးကောက်ပွဲကိုပဲ ထောက်ခံသင့်တာ မြင်ချိန်တန်ပြီလို့ တိုက်တွန်းရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။
