


၅.၅.၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနောက်တောင်ပိုင်း၊ Guizhou ပြည်နယ်အတွင်း မြစ်တစ်ခုပေါ်၌ မေလ ၄ ရက်က ခရီးသွား ၈၀ ကျော်လိုက်ပါလာသော စက်လှေလေးစီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသွားများရေထဲသို့ပြုတ်ကျပြီး မေလ ၅ ရက် နံနက်အထိ အနည်းဆုံး ခရီးသွားဆယ်ဦးသေဆုံး၍ အခြား ၇၀ ဦးခန့်ကိုဆေးရုံသို့ တင်ပို့ထားရကြောင်း သိရသည်။
စက်လှေလေးစီးမှာ မြစ်အတွင်းတိမ်းမှောက်ကာ Qianxi မြို့အနီးတွင် စက်လှေလေးစီးမှ ခရီးသွား ၈၄ ဦး မြစ်အတွင်းသို့ ပြုတ်ကျခဲ့ရခြင်းဟု သိရသည်။ သမ္မတရှီကျင့်ဖိန်က ထိုဖြစ်ရပ်တွင် အစွမ်းကုန်ရှာဖွေ ကယ်ဆယ်မှုများပြုလုပ်ကြကာ ဒဏ်ရာရသူများကိုလည်း အကောင်းဆုံးကုသမှုပြုကြရန် ညွှန်ကြားခဲ့ ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။
ရှုခင်းသာယာလှပသော Guizhou ပြည်နယ်အတွင်း တရုတ်နိုင်ငံ၌ အလုပ်သမားနေ့အပါအဝင် ငါးရက်တာအားလပ်ရက်ကာလမှာ ခရီးသွားလာသူအလွန်များပြားသောကာလဟုလည်း သိရသည်။
တိမ်းမှောက်ခြင်းမရှိသောအခြားစက်လှေတစ်စီးပေါ်မှလူတစ်ယောက်က ရာသီဥတုရုတ်တရက်ပြောင်းလဲကာ မိုးသည်းထန်စွာရွာ၍ မြူများကျလာခဲ့ခြင်းကြောင့် စက်လှေများတိမ်းမှောက်ခဲ့ခြင်းဟု ပြောခဲ့သည်။မိုးလေဝသဌာနကလည်း မေလ ၄ ရက်တွင် ဒေသအတွင်း မိုးသည်းထန်စွာရွာနိုင်ကြောင်း ခန့်မှန်းချက်ထုတ်ပြန်ထားသည်။
Ref- SCMP
