◾️ SAC ဥက္ကဋ္ဌသည် အခမ်းအနားတက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံ ဆွေးနွေးမည်ဖြစ်ပြီး အဆိုပါ အခမ်းအနားသို့ တရုတ်သမ္မတ ရှီကျင့်ဖိန်လည်း တက်ရောက်မည်ဟု သိရ

၅. ၅. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်မည့် ၁၉၄၁- ၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန်အတွက် မကြာမီရက်ပိုင်းအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ခရီးစဉ်အတွင်း SAC ဥက္ကဋ္ဌသည် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများကို တက်ရောက်ခြင်း၊ အခမ်းအနားကို တက်ရောက်လာကြသည့် နိုင်ငံခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ SAC ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှသည် ရုရှားဖက်ဒရေးရှင်းကောင်စီ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Valentina Matviyenko ၏ ဖိတ်ကြားချက်အရ SAC ဥက္ကဋ္ဌနှင့်အတူ တစ်ပါတည်းသွားရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးမှု ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ ချစ်ကြည်ရေးခရီးစဉ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေကောင်စီ အဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများလည်း လိုက်ပါသွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ သမ္မတ ဗလာဒီမာ ပူတင် ဖိတ်ကြားချက်အရ မေလ ၇ ရက်မှ ၁၀ ရက်အထိ ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကာ မော်စကိုမြို့တွင် ကျင်းပမည့် မဟာမျိုးချစ်စစ်ပွဲ အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားများကို တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၄ ရက်၌ ပြောကြားထားသည်။
ပုံစာ- ပြီးခဲ့သည့် မတ်လဆန်းပိုင်းက SAC ဥက္ကဋ္ဌ ရုရှားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့မှုကို တွေ့ရစဉ်။
