
MT News
၄.၅. ၂၀၂၅
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ သမ္မတ ဗလာတီမာ ပူတင် ဖိတ်ကြားချက်အရ မေလ ၇ ရက်မှ ၁၀ ရက်အထိ ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကာ မော်စကိုမြို့တွင် ကျင်းပမည့် မဟာမျိုးချစ်စစ်ပွဲ အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားများကို တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၄ ရက်၌ ပြောကြားခဲ့သည်။
ပြင်ပပတ်ဝန်းကျင်၌ ရှုပ်ထွေးမှုများရှိနေသည့်တိုင် သမ္မတရှီနှင့် သမ္မတပူတင်တို့အနေဖြင့် သမိုင်းတွင်မည့် အမြော်အမြင်၊ မဟာဗျူဟာအရ အလေးထားမှုတို့ဖြင့် ခေတ်သစ်ကာလ တရုတ်-ရုရှား ဆက်ဆံရေးကို အစဉ်သဖြင့် ဆက်လက်ဖော်ဆောင်ရေး၊ ထာဝရ တည်တံ့သော အိမ်နီးချင်းကောင်းပီသမှုနှင့် ချစ်ကြည်ရင်းနှီးမှု၊ ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်ဖက်စလုံးအတွက် အကျိုးရှိမှု စသော နှစ်နိုင်ငံဆက်ဆံရေးအား အဓိပွာယ်ဖွင့်ဆိုပေးသော ဝိသေသလက္ခဏာများ ထင်ရှားပေါ်လွင်စေရေးအတွက် လမ်းညွှန်မှုပေးခဲ့သည်ဟု ၎င်းပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
မကြာမီ သွားရောက်မည့် နိုင်ငံတော်ခရီးစဉ်အတွင်း သမ္မတရှီအနေဖြင့် အခြေအနေသစ်များအောက်မှ တရုတ် -ရုရှားဆက်ဆံရေး၊ နိုင်ငံတကာနှင့် ဒေသတွင်း အရေးကြီးကိစ္စရပ် အများအပြားနှင့် စပ်လျဉ်း၍ သမ္မတ ပူတင်နှင့် မဟာဗျူဟာမြောက် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟုလည်း ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“သမ္မတနှစ်ဦးအကြား အရေးပါတဲ့ ဘုံသဘောတူညီမှုတွေဟာ နှစ်နိုင်ငံကြား နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု နက်ရှိုင်းရေး၊ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု အနှစ်သာရ ပိုမိုလေးနက်ခိုင်မာစေရေး၊ နယ်ပယ်အသီးသီးမှာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံ ပြည်သူတွေရဲ့ အကျိုးကို ပိုမိုသယ်ပိုးနိုင်ရေး၊ နိုင်ငံတကာအသိုက်အဝန်းအတွက် တည်ငြိမ်မှု၊ အပြုသဘောဆောင်တဲ့ စွမ်းအားတွေကို ပိုမိုပံ့ပိုးနိုင်ရေးအတွက် တစ်ဆင့်တိုး လုပ်ဆောင်နိုင်မယ်လို့ မိမိတို့အနေနဲ့ ယုံကြည်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
Ref, Xinhua
