



၃.၅.၂၀၂၅
Written by Hey Mar
ရေတွင်းထဲ ကျောက်ခွေ ဆင်းချပြုပြင်ရာက အမျိုးသားသုံးဦး အောက်စီဂျင်ပြတ်လပ်ပြီး နှစ်ဦးသေဆုံးကာ တစ်ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တဲ့ဖြစ်စဉ် ဒီနေ့ မေလ ၃ ရက်နေ့ မနက် ဆယ့်တစ်နာရီ အချိန်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ကြာအင်းရပ်ကွက်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီကယ်ဆယ်ရေး အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က မော်လမြိုင်မြို့၊ ကြာအင်းရပ်ကွက်ရှိ ခရွမ်းရှမ်းရွာ(င)လမ်းက နေအိမ်တစ်အိမ်မှာ ရေတွင်းထဲကို အိမ်ရှင်အမျိုးသားက ကျောက်ခွေ ဆင်းချရာ၊ အောက်စီဂျင်ပြတ်လပ် မေ့မြောနေတာကြောင့် သူ့ကို ကယ်တင်ဖို့ နောက်ထပ်အမျိုးသားတစ်ဦး ထပ်ဆင်းပြန်ရာ ထိုသူပါ ထပ်မံသတိသွားတဲ့အတွက် ရပ်ရွာအတွင်း ပြည်သူ့စစ်အမျိုးသားတစ်ဦးက ထပ်မံဆင်းကူပြန်တယ်လို့ သိရပါတယ်။ အဲဒီမှာတင် အမျိုးသားသုံးဦးစလုံး အောက်ဆီဂျင်ပြတ်ကာ သတိလစ်မေ့မြောသွားကြလို့ တာဝန်သိပြည်သူတွေက သက်ဆိုင်ရာဆီ အကူအညီတောင်းလာတာလို့ သိရပါတယ်။
မြေပြင်အကူအညီသွားရောက်ရာမှာ မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူတွေနဲ့အတူ ပူးပေါင်းပါဝင်ကူညီပေးခဲ့တဲ့ ဘိုဘိုဝင်း Recuse မှတာဝန်ရှိသူက “တေကယ်ဆယ်ရေးတွေ ရောက်သွားချိန် ပြည်သူ့စစ်တစ်ဦးက အသက်ရှိနေသေးတော့ သူ့ကို အရင်ဆွဲတင်ကြတယ်။ သူအပေါ်ရောက်လာတော့ CPR ပေးပြီး မြေပြင်ပြုစုကူညီသူက ကူညီတယ်။ ဒုတိယဆင်းသွားသူကို ထပ်ဆွဲတင်တဲ့သူက ဆွဲတင်ကြတယ်။ အသက်ရှင်လျှက်ပါလာပါတယ်။ ဒါပေမယ့် ဆေးရုံအရောက်မှာ ဆုံးတယ်။ အရင်ဆုံးဆင်းသွားတဲ့ တစ်ဦးကတော့ ရေတွင်းထဲက ဆွဲတင်ကတည်းက အသက်မရှိတော့ပါဘူး” လို့ MT News ကို ပြောပါတယ်။
အဆိုဖြစ်စဉ်အတွင်း သေဆုံးသူနဲ့ ဆေးကုသမှုခံယူဖို့ လိုအပ်သူ အမျိုးသားသုံးဦးစလုံးက သက်လတ်ပိုင်းအရွယ် လူရွယ်တွေဖြစ်ပြီး၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးဆီ တာဝန်ရှိသူတွေက ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
