၃. ၅. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး လျှပ်စစ်နှင့်စွမ်းအင်ဖွံဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် မိတ္ထီလာခရိုင်အတွင်းရှိ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် အသစ်တည်ဆောက်လျက်ရှိသည့် ဓာတ်အားပေးစက်ရုံ စီမံကိန်းများအား ယမန်နေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ချိန်တွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စုစုပေါင်းမဂ္ဂါဝပ် ၉၀ ရှိ နေရောင်ခြည်စွမ်းအင်သုံး(Solar) ဓာတ်အားပေးစက်ရုံ ၃ ရုံမှ လျှပ်စစ်ဓာတ်အား ၈၀ ရာခိုင်နှုန်း ပြန်လည်ထုတ်လုပ်နိုင်ပြီး National Grid အတွင်းသို့ ပို့လွှတ်နေပြီဖြစ်ကြောင်း သိရှိပြောကြားခဲ့သည်။
မတ် ၂၈ ရက်က ဖြစ်ပေါ်ခဲ့သည့် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် သာစည် (၃၀) မဂ္ဂါဝပ်၊ သပြေဝ (၃၀) မဂ္ဂါဝပ်၊ သပြေဝ – ၃ (၃၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ၃ ရုံတို့တွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလျော့နည်းခဲ့သည်။
လျှပ်စစ်ဓာတ်အားပုံမှန်ထုတ်လုပ်နိုင်ရေး အမြန်ဆုံးဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ၈၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား ပြန်လည်ထုတ်လုပ်၍ အမျိုးသားဓာတ်အားကွန်ရက် (National Grid)အတွင်းသို ပို့လွှတ်လျက်ရှိကြောင်းနှင့် ပြုပြင်ရန်ကျန်ရှိသည့် လုပ်ငန်းများကိုလည်း အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်လျက်ရှိပြီး ရာနှုန်းပြည့်ပြန်လည် ထုတ်လွှတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် အသစ်တည်ဆောက်လျက်ရှိသော သာစည် (၄၀) မဂ္ဂါဝပ်နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများအား စစ်ဆေးခဲ့ပြီး သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းက မှာကြားခဲ့သည်။
