၃. ၅. ၂၀၂၅
Written by Nay Moe
အပစ်အခတ်ရပ်စဲရေးအတွက် မသက်ဆိုင်ဘဲ သိမ်းယူထားသည့် TNLA နယ်မြေလုယက်စိုးမိုးထားရာ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စသောဒေသများမှ TNLA တပ်များ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အတွင်းထိသို့ ဆုတ်ပေးရန် တောင်းဆိုမှုကို လက်မခံသည့်အကျိုးဆက်အဖြစ် TNLA နယ်မြေလုယူထားရာ မိုးကုတ်ကို သုံးရက်ဆက် လေကြောင်းတိုက်ခိုက် ဗုံးကြဲလိုက်ရာ တစ်ဦးသေဆုံးသွားသည်။
၁၀၂၇ စစ်ဆင်ရေးများနှင့် နယ်မြေလုယက်သိမ်းယူကာ ပြည်သူပိုင်အိုးအိမ်များ ဖောက်ထွင်းခိုးယူမှု၊ ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်မှုကြောင့် အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ခံထားရသည့် TNLA လက်နက်ကိုင်တို့ အခြေစိုက်ရာ မိုးကုတ်မြို့အနောက်ပိုင်း၊ ကသဲရပ်ကွက်ရှိ အနောက်ကျောင်းကို ယနေ့နံနက် ၉ နာရီခန့်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲချမှုကြောင့် လူ (၁)ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ဆိုသည်။
တပ်မတော်က ဂျက်ဖိုက်တာဖြင့် ဗုံး (၁)လုံးတည်းသာကြဲချတိုက်ခိုက်ခဲ့ခြင်းလည်းဖြစ်ပြီး ဗုံးချရောက်ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရမှုအပြင် နေအိမ်လည်း ထိမှန်ပျက်စီးခဲ့သည်ဟု ဆိုသည်။
ယနေ့တိုက်ခိုက်မှုအပြင် ယမန်နေ့ မေလ (၂)ရက် ည ၁၁ နာရီ ၄၅ မိနစ်အချိန်လည်း မိုးကုတ်မြို့ကို ပေါင်(၂၅ဝ)ဗုံး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့၍ TNLA အခြေစိုက်ရာ အုတ်ပြင်ရပ်ကွက်ရှိ ဓမ္မာရုံနှင့် နေအိမ် (၆)လုံး ထိမှန်ပျက်စီးသွားခဲ့သည်ဟု ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် ဧပြီလ (၃ဝ) ရက်လည်း မိုးကုတ်မြို့အနောက်ပိုင်း၊ သစ်စိမ့်ကုန်းနှင့် ကျောက်ပုတ်ကျေးရွာကြားရှိ TNLA စခန်းကို လေကြောင်းဖြင့်ပေါင် (၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်ဟုလည်း ပြောသည်။
နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စသောဒေသများမှ TNLA တပ်များ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အတွင်းထိသို့ ဆုတ်ပေးရန် တောင်းဆိုသည့် အပစ်ရပ်ရေးတွေ့ဆုံပွဲကို ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်က ဆွေးနွေးခဲ့ပြီး အဆင်မပြေသဖြင့် ဩဂုတ်လတွင် ထပ်မံတွေ့ရန် စီစဥ်ခဲ့သည်ဟု PSLF/TNLA ကိုယ်စားလှယ်နှင့် မြန်မာအစိုးရတပ်ကိုယ်စားလှယ်တို့၏ ကူမင်းတွေ့ဆုံဆွေးနွေးပွဲနှင့် စပ်လျဥ်းသော PSLF/TNLA ၏ သတင်းထုတ်ပြန်မှုအရ သိရပြီး ထိုဆွေးနွေးပွဲ အဆင်မပြေ၍လည်း TNLA နယ်မြေလုယက်သိမ်းယူထားရာမိုးကုတ်ကို သုံးရက်ဆက် ဗုံးကြဲခဲ့ခြင်းလည်း ဖြစ်သည်။



