၃. ၅. ၂၀၂၅
Written by Nyein Kyaw
ပြီးခဲ့သည့် မတ်လတွင် ပြန်လည်တိုးတက်စပြုလာသော မြန်မာ့ကုန်လုပ်မှုသည် ငလျင်ဘေးဒဏ်ကြောင့် စက်ရုံများထိခိုက်ခဲ့ရသည့်အပြင် ကုန်ပစ္စည်းအမှာစာအသစ်များ သိသိသာသာကျဆင်းခဲ့၍ ဧပြီလအတွင်း ပြန်လည်ဦးစိုက်ကျဆင်းသွားခဲ့ကြောင်း မေလ ၂ ရက် (ယမန်နေ့)တွင် ထုတ်ပြန်သည့် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်း၌ ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် မတ်လတွင် လုပ်ငန်းများတိုးချဲ့မှုများရှိလာသောကြောင့် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းသည် ၄၉ ဒသမ ၈ အထိ ပြန်မြင့်တက်လာခဲ့၍ စံနှုန်းအလယ်မှတ် ၅၀ နီးပါးသို့ ရောက်လုနီးပါးဖြစ်ခဲ့သော်လည်း ဧပြီလတွင် PMI အညွှန်းကိန်း ၄၅ ဒသမ ၃ သို့ ကျဆင်းခဲ့သည်။ ပြီးခဲ့သည့် ရှစ်လအတွင်း ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေကောင်းမွန်မှုတွင် အပြင်းထန်ဆုံး ယိုယွင်းမှုဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။
မတ်လ၏ PMI အချက်အလက်သည် မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍတွင် ပြန်လည်နာလန်ထမှုရှိလာကြောင်းကို ပြသမှုနှင့်အတူ ၂၀၂၅ ခုနှစ်၊ ပထမသုံးလအပတ်အတွင်း ရမှတ်မြင့်မားခဲ့ပြီးနောက် သိသာထင်ရှားသည့် အပျက်အစီးများကို ဖြစ်စေခဲ့သည့်ငလျင်ဘေးကြောင့် ဧပြီလတွင် ကုန်ထုတ်လုပ်မှုများ ဦးစိုက်သွားခဲ့ကြောင်း S&P Global Market Intelligence ၏ စီးပွားရေးပါရဂူ Maryam Baluch က ပြောကြားသည်။
“သဘာဝဘေးအန္တရာယ်က ထုတ်လုပ်ရေးစက်ရုံတွေကို ထိခိုက်စေခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေကို ကိုင်တွယ်ဖို့အတွက် ထုတ်လုပ်သူတွေက သူတို့ရဲ့ စက်ရုံတွေကို ယာယီပိတ်ခဲ့ကြရပါတယ်။ အမှာစာအသစ်ရရှိမှုမှာ သိသိသာသာ ကျဆင်းမှုရှိခဲ့တဲ့ အထောက်အထားကြောင့် ဝယ်လိုအားပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုဖြစ်စေခဲ့ပါတယ်” ဟု Maryam Baluch က ပြောကြားသည်။
ထို့ပြင် ထုတ်လုပ်ရေးလိုအပ်ချက်များ လျော့ကျလာခြင်းနှင့်အတူ လုပ်ငန်းများက ၎င်းတို့၏ ထည့်ကုန်ဝယ်ယူရေး လုပ်ဆောင်မှုကိုပါ ချိန်ညှိလာကြသလို ငလျင်ဖြစ်ပွားပြီးသည့်နောက်တွင် အလုပ်ထွက်မှု အစီရင်ခံစာများရှိခဲ့ခြင်းကြောင့် လုပ်သားအင်အားစု တည်ငြိမ်စေရေးအတွက်ကိုပါ ရုန်းကန်ခဲ့ကြရကြောင်း ဖော်ပြထားသည်။
စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကြောင့် အားနည်းနေပြီးဖြစ်သည့် မြန်မာ့စီးပွားကဏ္ဍတစ်ခုဖြစ်သော ကုန်ထုတ်လုပ်မှုအပိုင်းသည် ငလျင်သဘာဝဘေးအန္တရာယ် ရင်ဆိုင်ရမှုနှင့် ရေရှည်အကျိုးဆက်များ၏ သက်ရောက်မှုများအပြင် ကုန်ကြမ်းပစ္စည်းဈေးနှုန်း ဖောင်းပွခြင်း၊ လုပ်သားရှားပါးခြင်းနှင့် နိုင်ငံရေးအရ မသေချာမရေရာမှု စသည့်ပြသနာများကဲ့သို့သော သိသာထင်ရှားသည့် အန္တရာယ်များက ဆက်လက်ရှိနေမည်ဖြစ်ကြောင်း Maryam Baluch က သုံးသပ်ထားသည်။


