
MT News
၁. ၅. ၂၀၂၅
ပြည်ပသို့ သွားရောက်လုပ်ကိုင်မှုများကြောင့် ပြည်တွင်းတွင် အလုပ်သမားရှားပါးမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် ပြည်ပသို့ သွားရောက်လုပ်ကိုင်ခြင်းထက် ဘဝလုံခြုံမှုရှိသည့် ပြည်တွင်း၌ လုပ်ကိုင်နိုင်ရေးတို့ကို ဆောင်ရွက်ရန်လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြပြောကြားလိုက်သည်။
ပြည်ပသို့ သွားရောက်လုပ်ကိုင်မှုများကြောင့် ပြည်တွင်းတွင် အလုပ်သမားရှားပါးမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် ပြည်ပသို့ သွားရောက်လုပ်ကိုင်ခြင်းထက် ဘဝလုံခြုံမှုရှိသည့် ပြည်တွင်း ၌ လုပ်ကိုင်နိုင်ရေးတို့ကို ဆောင်ရွက်ရန်လိုအပ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် Job Fair များ ကျင်းပကာ One Stop Service ဖြင့် အလုပ်ခန့်နိုင်အောင် အလုပ်ရှင်များနှင့် ပူးပေါင်းစီစဉ်ပေးခြင်း၊ ထိရောက်သော အလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှု ပေးနိုင်ရေးအတွက် Labour Exchange Management System ရေးဆွဲကာ Website တွင် လွှင့်တင်ပေးထားခြင်းများ ပြုလုပ်ထားကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ပြည်ပသို့ မြန်မာအလုပ်သမား စေလွှတ်ရာတွင်လည်း လစာဝင်ငွေနှင့် အကျိုးခံစားခွင့်ကောင်းသော နိုင်ငံများသို့ ဦးစားပေးစေလွှတ်ခြင်း၊ သတ်မှတ်ကာလ ပြည့်မြောက်၍ မိမိနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော အရေအတွက်နှင့် စေလွှတ်ပေးရမည့် အရေအတွက်တို့အား နှိုင်းယှဉ်တွက်ဆခြင်းတို့ဖြင့် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရန်နှင့် ပြည်ပတွင် အလုပ်လုပ်ကိုင်နိုင်ရန် ဖန်တီးဖော်ဆောင်ပေးလျက်ရှိသည်ဟုလည်း သိရသည်။
မြန်မာလုပ်သားများ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်၊ အလုပ်သမားများ၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရန်၊ ပြည်ပမှရရှိလာသော အတွေ့အကြုံ၊ အသိပညာနှင့် အတတ်ပညာများကို ပြည်တွင်း၌ စနစ်တကျ ပြန်လည်အသုံးချနိုင်ရန်နှင့် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှ ၎င်းတို့၏ မိသားစုထံသို့ တရားဝင်လမ်းကြောင်းမှတစ်ဆင့် မိသားစုလွှဲပို့ငွေများ လွှဲပို့ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ အလုပ်သမားများကို ဥပဒေနှင့်အညီ ပြည်ပနိုင်ငံများသို့ စေလွှတ်ပေးလျက်ရှိသည်။
ထို့အတွက် ပြည်ပရောက် မြန်မာအလုပ်သမားများကို ကာကွယ်စောင့်ရှောက်နိုင်ရန် ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် အလုပ်သမား သံအရာရှိများ ခန့်အပ်တာဝန်ပေးထားပြီး အလုပ်သမားသံအရာရှိ မရှိသည့်နိုင်ငံများတွင် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကာကွယ်စောင့်ရှောက် ပေးလျက်ရှိသည်ဟုလည်း သိရသည်။
