
MT News
၂၈. ၄. ၂၀၂၅
ရုရှားနိုင်ငံ၏ ပိုင်နက်နယ်မြေ ကာ့ခ်စ်ဒေသကို ယူကရိန်းကစစ်ပွဲအတွင်း သိမ်းယူခဲ့ပြီးနောက် ထိုဒေသကို ရုရှား ပြန်လည်သိမ်းပိုက်ရေးတွင် မြောက်ကိုရီးယား လက်နက်ကိုင်တပ်ဖွဲ့က ပါဝင်ခဲ့ပြီး စစ်ရေးလှုပ်ရှားမှုမှာ အောင်မြင်စွာပြီးစီးခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းအေဂျင်စီ (KCNA) က ဖော်ပြခဲ့သည်။
ယင်းမှာ ရုရှားနိုင်ငံသို့ မြောက်ကိုရီးယားစစ်တပ်စေလွှတ်၍ ယူကရိန်း-ရုရှားစစ်ပွဲတွင် ပါဝင်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံဘက်က ပထမဆုံးအကြိမ် အတည်ပြုခြင်းဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံ နိုင်ငံ့ခေါင်းဆောင် ကင်ဂျုံအန်း၏ အမိန့်အရ မြောက်ကိုရီးယား လက်နက်ကိုင်တပ်ဖွဲ့သည် ကာ့ခ်စ်ဒေသကို ပြန်လည်သိမ်းပိုက်ရေး စစ်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ရုရှားဖက်ဒရေးရှင်း နယ်မြေ ပြန်လည်သိမ်းပိုက်ရေးအတွက် အရေးပါသော ပံ့ပိုးကူညီမှုများ ပေးအပ်ခဲ့ကြောင်း၊ ယင်းသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်း စသည့် နိုင်ငံတကာဥပဒေများနှင့် မြောက်ကိုရီးယား-ရုရှား နိုင်ငံတို့ကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဆိုင်ရာ သဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်အသီးသီး၏ စိတ်ဓာတ်နှင့် အပြည့်အဝ ကိုက်ညီကြောင်း KCNA သတင်းအေဂျင်စီက မြောက်ကိုရီးယား အလုပ်သမားပါတီ ဗဟိုစစ်ကော်မရှင်၏ ဧပြီ ၂၇ ရက်က ရေးသားထုတ်ပြန်ခဲ့သော ကြေညာချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။
ကာ့ခ်စ်ဒေသ ပြန်လည်သိမ်းပိုက်ရေး စစ်ရေးလှုပ်ရှားမှု အောင်မြင်ပြီးစီးခဲ့ရာ မြောက်ကိုရီးယား-ရုရှား နိုင်ငံတို့ကြား ခိုင်မာသော တိုက်ပွဲဝင် ချစ်ကြည်ရေးနှင့် နှစ်နိုင်ငံပြည်သူများ၏ မဟာမိတ်ဆက်ဆံရေး၊ ညီအစ်ကို ဆက်ဆံရေး၏ ရောက်ရှိနိုင်သည့် အမြင့်ဆုံး မဟာဗျူဟာအဆင့်ရှိသော သမိုင်းစာမျက်နှာသစ်သို့ ရောက်ရှိခြင်းကို ထင်ဟပ်ပေါ်လွင်စေကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေ အတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းက ထိုစဉ်က စစ်ပွဲအခြေအနေသည် မြောက်ကိုရီးယား-ရုရှားနိုင်ငံတို့အကြား “ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဆိုင်ရာ သဘောတူစာချုပ်” ပါ သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များအား ဖော်ဆောင်ရန် ကိုက်ညီမှုရှိသည်ဟု သုံးသပ်၍ ဆုံးဖြတ်ခဲ့ကြောင်း၊ ဤဆုံးဖြတ်ချက်ကို အခြေခံ၍ မြောက်ကိုရီးယား လက်နက်ကိုင်တပ်ဖွဲ့သည် စစ်ပွဲတွင် ပါဝင်ခဲ့ပြီး ရုရှားဘက်ကို အကြောင်းကြားခဲ့ကြောင်း၊ ရုရှားသို့ သွားရောက်၍ စစ်ပွဲတွင် ပါဝင်ရန် မြောက်ကိုရီးယားနိုင်ငံ၏ ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ ကြေညာချက်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားစစ်သည်များသည် ကာ့ခ်စ်ဒေသတွင် တိုက်ပွဲဝင်ခဲ့ပြီး ရုရှားစစ်တပ်၏ အဆိုပါဒေသအား ပြန်လည်သိမ်းပိုက်ရေးအတွက် အရေးပါသော ပံ့ပိုးကူညီမှုများ ပေးအပ်ခဲ့သည်ဟု ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ဧပြီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
မြောက်ကိုရီးယား စစ်သားများသည် မြောက်ကိုရီးယား-ရုရှားနိုင်ငံတို့အကြား “ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဆိုင်ရာ သဘောတူစာချုပ်” နှင့်အညီ ကာ့ခ်စ်ပြည်နယ်ရှိ ယူကရိန်းစစ်တပ်အား ချေမှုန်းရာတွင် ကြီးမားသော အကူအညီများပေးအပ်ခဲ့သည်ဟု ရုရှားတပ်မတော် ကာကွယ်ရေးဦးစီးချူပ် ဗလာရီ ဂီရာစီမော့ဗ်က ကာ့ခ်စ်ဒေသအား ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဧပြီ ၂၆ ရက် အစောပိုင်းတွင် သမ္မတ ပူတင်ထံ အစီရင်ခံရာ၌ ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ကာ့ခ်စ်စစ်မျက်နှာပြင်သို့ စစ်သား ၁၄၀၀၀ ခန့် စေလွှတ်ခဲ့ပြီး တိုက်ပွဲအောင်မြင်မှုအတွက် ယနေ့တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားနှင့် ကင်တို့အား ပုဂ္ဂိုလ်ရေးအရ ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။
“ရုရှားအတွက် သူတို့ရဲ့ ဘုံလွတ်လပ်မှုအတွက်၊ သူတို့ရဲ့ ရုရှားညီအစ်ကိုတွေနဲ့ တူညီတဲ့ အခြေခံလွတ်လပ်မှုအတွက် အသက်ပေးခဲ့ကြတဲ့ မြောက်ကိုရီးယားသူရဲကောင်းတွေကို အမြဲတမ်း ဂုဏ်ပြုသွားမှာပါ” ဟု ကရင်မလင်က ထုတ်ပြန်သော ကြေညာချက်တွင် ပူတင်က ပြောကြားခဲ့သည်။
Ref, Xinhua & Reuters
