◾ အိန္ဒိယကလည်း အကြမ်းဖက်မှုကျူးလွန်သူများကို ပြင်းပြင်းထန်ထန်ရှာဖွေလျက်ရှိ
၂၈.၄.၂၀၂၅
Translated by Htwe Ko Tun
ကက်ရှ်မီးယားဒေသအတွင်း လွန်ခဲ့သောရက်သတ္တပတ်က ခရီးသွား ၂၆ ဦးကို ပစ်သတ်သွားခဲ့တဲ့စစ်သွေးကြွတွေကို အသဲအမဲလိုက်လံရှာဖွေနေတဲ့ အိန္ဒိယတပ်ဖွဲ့တွေက ဧပြီလ ၂၇ ရက်ညမှာ ပါကစ္စတန်တပ်ဖွဲ့ တွေက နယ်စပ်တစ်လျှောက် စတုတ္ထမြောက်ညအဖြစ် ဆက်လက်တိုက်ခိုက်လာမှုကို တုံ့ပြန်ပစ်ခတ်ခဲ့ရတယ်လို့ ဧပြီလ ၂၈ ရက်မှာ ပြောခဲ့ပါတယ်။
ဧပြီလ ၂၂ ရက်က ခရီးသွား ၂၆ ဦးသေဆုံးခဲ့ရတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ပြုလုပ်ခဲ့တဲ့ စစ်သွေးကြွ သုံးဦးအနက် နှစ်ဦးက ပါကစ္စတန်နိုင်ငံသားတွေလို့ အိန္ဒိယအစိုးရက ယူဆခဲ့ပါတယ်။ ဒါပေမယ့် ပါကစ္စတန်အစိုးရကလည်း ဒီအကြမ်းဖက်မှုမှာ ပါကစ္စတန်က ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ငြင်းဆိုခဲ့ပြီး ကြားနေ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားတာပါ။
အဲဒီအကြမ်းဖက်တိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံမှာ မကျေမနပ် ဒေါသဖြစ်မှုတွေနဲ့အတူ ပူဆွေးဝမ်းနည်းမှုတွေဖြစ်ခဲ့ရပြီး၊ ကက်ရှ်မီးယားပြည်နယ်အတွင်း အကြမ်းဖက်ဝါဒကို ပါကစ္စတန်က ငွေအားထောက်ပံ့ပြီး နောက်ကွယ်က အားပေး အားမြှောက်လုပ်နေတယ်လို့လည်း အိန္ဒိယအစိုးရက စွပ်စွဲလာတာပါ။ နှစ်နိုင်ငံစလုံးက တစ်ဦးကိုတစ်ဦးစွပ်စွဲပြောကြားမှုတွေနဲ့ စစ်ပြင်ဆင်မှုတွေ လုပ်လာကြတာပါ။
နျူကလီယားလက်နက်ပိုင်ဆိုင်ထားတဲ့ နှစ်နိုင်ငံစလုံးက တစ်ဦးကိုတစ်ဦး အပြန်အလှန်တိုက်ခိုက်လုပ်ဆောင်မှုတွေ ပြုလာကြရာမှာ ပါကစ္စတန်မှာ ရေအရင်းအမြစ်ရဖို့အရေးကြီးတဲ့ အိန္ဒူမြစ်ရေသုံးစွဲမှုစာချုပ်ကို အိန္ဒိယနိုင်ငံက ဆိုင်းငံ့ခဲ့သလို ပါကစ္စတန်ကလည်း သူ့ရဲ့လေပိုင်နက်အတွင်း အိန္ဒိယလေကြောင်း လေယာဉ်တွေ ပျံသန်းမှုပိတ်ပင်ခဲ့ပါတယ်။
ဧပြီလ ၂၇ ရက် ညသန်းခေါင်အချိန်မှာတော့ နယ်စပ်တစ်လျှောက် စတင်ပစ်ခတ်လာတဲ့ ပါကစ္စတန် စစ်စခန်းတွေကို အိန္ဒိယအနေနဲ့ ရန်လိုရန်စတိုက်ခိုက်မှုမျိုးမဟုတ်ဘဲ လက်နက်ငယ်တွေနဲ့သာ ပြန်လည်ပစ်ခတ်ခဲ့ရတာဖြစ်တယ်လို့လည်း အိန္ဒိယစစ်တပ်က ပြောခဲ့ပါတယ်။
ပါကစ္စတန်ဘက်ကတော့ ဒီဖြစ်ရပ်ကို တစ်စုံတစ်ရာ ပြန်လည်ပြောကြားမှု မရှိပါဘူး။
အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေက အိန္ဒိယပိုင် ကက်ရှ်မီးယားနယ်အတွင်း အိမ်ခြေ ၁,၀၀၀ နီးပါးကို လိုက်လံရှာဖွေခဲ့ပြီး သစ်တောတွေအတွင်း လိုက်လံရှာဖွေမှုတွေပြုနေသလို လူ ၅၀၀ ခန့်ကိုလည်း ခေါ်ယူမေးမြန်းမှုတွေလုပ်နေတယ်လို့ သိရပါတယ်။
Ref- Reuters
