◾ နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု အကြိမ် ၁၄၀ ဖြစ်လာပြီး ရက် ၂၀ ကြာလာသည့်အထိ ဇောက်တိမ်၍ ပြင်းအားများသော ငလျင်များပါ လှုပ်ခတ်နေ




MT News
၁၇. ၄. ၂၀၂၅
မန္တလေးငလျင်ကြီးလှုပ်ခတ်အပြီး ရက် ၂၀ အကြာ ယနေ့ နေ့လယ်တွင် နောက်ဆက်တွဲငလျင်အဖြစ် ဇောက်တိမ်ပြီး ပြင်းအား ၄ ဒသမ ၆ ရစ်ချ်တာစကေးနှင့် မန္တလေးကို ဗဟိုပြု လှုပ်ခတ်သွားပြန်သဖြင့် ပြည်သူများ ထိတ်လန့်တကြားထွက်ပြေးခဲ့ရမှု ဖြစ်ပွားခဲ့ရပြန်သည်။
မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ဖြင့် လှုပ်ခတ်ပြီးနောက် ရက် ၂၀ အတွင်း နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု အကြိမ် ၁၄၀ ဖြစ်လာပြီး တစ်ရက်ပျမ်းမျှ ၇ ကြိမ်နှုန်းဖြင့် လှုပ်ခတ်နေသလို ယနေ့လှုပ်ခတ်မှုမှာ ဧပြီလ ၁၇ ရက် နေ့လယ် ၁ နာရီ ၂ မိနစ် ၃၅ စက္ကန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့၏ တောင် အနောက်တောင်ဘက် ၂ မိုင်ခန့်ကို ဗဟိုပြုကာ အနက် ၁၁ ကီလိုမီတာ (၆ ဒသမ ၈၃၅) ကို ဗဟိုပြုကာ ပြင်းအား ၄ ဒသမ ၆ ရစ်ချ်တာစကေးဖြင့် လှုပ်ခတ်သွားသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
“ငလျင်ဗဟိုချက်က မန္တလေးတည့်တည့်ရောက်လာတယ်ဆိုပြီး တွေ့ရတော့ ပိုထိတ်လန့်မိတယ်။ ဒီတစ်ခါငလျင်ကလည်း တော်လဲသံကြီးနဲ့ တစ်ချက်ပြင်းပြင်းလှုပ်သွားတာ။ အသံရောပါ အားတော်တော်ပြင်းတယ်။ အကုန်ဆင်းပြေးရပြန်တာပဲ။ မိုးကရွာ၊ တိုက်တွေကဆက်ပြိုနဲ့ နေ့ရောညရောပါ အကြောက်တရားတွေနဲ့ရှင်သန်နေရတာ။ ဒီဒုက္ခက ဘယ်တော့မှလွတ်ပါ့မလဲတွေးပြီး စိတ်ဆင်းရဲရတယ်”လို့ မန္တလေးဒေသခံတစ်ဦးက ပြောပါတယ်။
ငလျင်လှုပ်ခတ်မှု ရက် ၂၀ ကျော်ကာလအတွင်း အကြိမ် ၁၄၀ လှုပ်ခတ်ရာတွင် အများစုမှာ မြေအောက်အနက် ၆ မိုင်ပတ်လည်မှ လှုပ်ခတ်သည့် ဇောက်တိမ်သော ငလျင်များသာဖြစ်နေ၍ ပြင်းအားနည်းသည့်တိုင် ငလျင်ဒဏ်ကို သိသိသာသာခံစားနေရသလို ပြင်းအားသိသာသည့် ၄ ဒသမ ၅ အထက် ငလျင်များမှာလည်း ၁၆ ကြိမ်ပါခဲ့ရာ အဆိုပါ ပြင်းအားများပြီး ဇောက်တိမ်သောငလျင်များကြောင့် နောက်ဆက်တွဲပြိုပျက်မှုများလည်း ဆက်လက်ဖြစ်ပေါ်နေသည်။