
၁၆. ၄. ၂၀၂၅
Written by Nyein Kyaw
ဧပြီလ ၁၆ ရက်(ယနေ့) ညနေ ၆ နာရီအထိ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၇၂၅ ဦးအထိရှိလာပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ကူညီထောက်ပံ့ရေးပစ္စည်းတန်ချိန် ၃၅၀၀ ကျော်ရောက်ရှိခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ဒီနေ့ ဧပြီလ ၁၆ ရက်နေ့ ညနေ ၆ နာရီအထိ ငလျင်ဒဏ်ကြောင့် သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံးသူ စာရင်းအနေနဲ့ သေဆုံးသူ ၃၇၂၅ ဦး၊ ဒဏ်ရာရရှိသူ ၅၁၀၆ ဦး၊ ပျောက်ဆုံးသူ ၁၂၉ ဦး ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ မိသားစုများနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာ့ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ လေယာဉ်ခေါက်ရေ ၁၃၆ ခေါက်ဖြင့် ထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၃၃၂ တန်ကျော်နှင့် ကယ်ဆယ်ရေးပစ္စည်းတန်ချိန် ၁၁၇၀ တန်ကျော်ရောက်ရှိခဲ့ပြီး ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁၉၅၆ ဦး ရောက်ရှိခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ထပ်တိုးလာတဲ့ နိုင်ငံကတော့ ဂျာမနီနိုင်ငံက ဆေးအဖွဲ့ဝင် ၁၀ ဦး ထပ်တိုးရောက်ရှိလာတာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာ့ငလျင်ဘေးအတွက် ထောက်ပံ့ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ခဲ့သည့် နိုင်ငံများမှာ ရုရှား၊ တရုတ်၊ တရုတ်(ဟောင်ကောင်)၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ယူအေအီး၊ လာအို၊ ဘီလာရုစ်၊ အင်ဒိုနီးရှား၊ ဘူတန်၊ ဖိလစ်ပိုင်၊ ဂျပန်၊ နီပေါ၊ ပါကစ္စတန်၊ တူရကီ၊ အမေရိကန်၊ သီရိလင်္ကာ၊ ဩစတြေးလျ၊ အဇာဘိုင်ဂျန်၊ ဘရုနိုင်း၊ ဂျာမနီတို့ ဖြစ်ကြောင်း သိရသည်။
