
၁၄.၄ ၂၀၂၅
Written by Hey Mar
ငလျင်သဘာဝဘေး ခံစားရတဲ့ ပြည်သူတွေမှာ အများစုက လူလတ်တန်းစားနဲ့ လူချမ်းသာတွေ ဖြစ်တဲ့အတွက် နေ့စဉ်စားသောက်ရမယ့် အခြေခံစားကုန် လိုအပ်ချက်က သူတို့မှာ ရှိမနေဘဲ ကာလကြာရှည်ရပ်တည်နိုင်ဖို့၊ ပြန်လည်ထူထောင်ဖို့နဲ့ သူတို့ရဲ့ စိတ်ခွန်အားဖြစ်စေဖို့တွေသာ အဓိက လိုအပ်နေတာဖြစ်ပြီး သူတို့မှာ မိသားစုဝင်ဆုံးရှုံးတဲ့ ခံစားချက်၊ နေအိမ်တိုက်တာ အဆောက်အဦပြိုပျက်တဲ့ခံစားချက်၊ ပိုင်ဆိုင်မှု စုဆောင်းထားတဲ့ ဥစ္စာပစ္စည်း ပျောက်ဆုံးတဲ့ ခံစားချက်တွေနဲ့ ငေးမှိုင်နေတာ၊ စားချင်စိတ် ပျောက်ဆုံးနေတာ စတဲ့ စိတ်ခံစားချက်ဒဏ်ရာတွေနဲ့ ရှင်သန်နေကြတဲ့ အခြေအနေဖြစ်နေတာပါ။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ၇ ဒသမ ၇ အဆင့်ရှိ ပြင်းထန် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုမှာ စစ်ကိုင်း၊ မန္တလေး၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသနဲ့ နေပြည်တော် ကောင်စီနယ်မြေမှာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေရှိ နေအိမ်တိုက်တာအဆောက်အဦတွေ၊ လမ်းတံတားနဲ့ ဘာသာရေးအဆောက်အဦတွေ များစွာပြိုကျပျက်စီးခဲ့ပြီး လူသေဆုံးမှု သုံးထောင်ကျော် ဒဏ်ရာရရှိမှု ငါးထောင်ကျော်နဲ့ ပျောက်ဆုံးနေသူတွေလည်း ရာနဲ့ချီ ရှိနေတာပါ။
လက်ရှိအချိန်မှာတော့ ငလျင်ကယ်ဆယ်ရေးအပြီး ပြန်လည်ထူထောင်ရေးဘက်ကို သွားနေပြီလို့ယူဆရပေမယ့် Information base နဲ့သာလုပ်ဆောင်နေပြီး တိကျတဲ့ Database ရရှိဖို့ကတော့လတ်တလောမှာ ဒေတာကောက်ယူမှု ကျွမ်းကျင်တဲ့ပညာရှင်တွေ အားနည်းတာ၊ မြို့နယ်မှာရှိတဲ့ ဒေတာ ကောက်ယူမှုစနစ်တွေ အားနည်းနေပြီး ရပ်ကျေးလောက်နဲ့သာ ကောက်ယူတဲ့အခါ ရပ်ကွက်မှာရှိတဲ့ ရပ်ကျေးက သူ့နီးစပ်ရာနဲ့ပဲ ကောက်သွားတာမျိုးဖြစ်နိုင်ခြေကလည်း လိုအပ်ချက်တွေရှိနိုင်ပြီး ဒေတာကောက်ယူတဲ့ နေရာမှာ ပညာရှင်တွေလိုအပ်သလို အဲဒီအားနည်းချက်တွေကြောင့် အတူတူလှူမယ် ကူညီမယ်ဆိုရင်တောင် ကူညီတဲ့ဟာတွေက မထိရောက်တော့ဘဲ ဘေးအန္တရာယ်ခံစားရသူတွေမှာ စိုးရိမ်စိတ်တွေသာ တိုးလာနိုင်တယ်လို့လည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ပညာရှင်တချို့က ထောက်ပြလာပါတယ်။
ကြုံတွေ့ခဲ့ရတဲ့ ငလျင်ဘေးအန္တရာယ်ကို level သတ်မှတ်တဲ့အခါမှာ National level မဟုတ်တော့ဘဲ Global level ဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ဖြစ်ဖြစ်ခြင်း နိုင်ငံတကာအကူအညီတွေကို ခေါ်ယူခဲ့တဲ့တာ ကြောင့်သာ ထိရောက်တဲ့ အသက်ကယ်တင်မှုတွေကို ပြုလုပ်နိုင်ခဲ့တာပါ။
ရှင်သန်ကယ်ဆယ်နိုင်ခဲ့တဲ့သူတွေရဲ့ ဆက်လက်ရှင်သန်နိုင်ရေးအတွက် လိုအပ်ချက်တွေကိုလေ့လာဖို့ ကွင်းဆင်းတဲ့အခါမှာ Safety and security international consultant တစ်ဦးဖြစ်တဲ့ ဒေါ်စုစုလှိုင်က သူ့အမြင်ကို”ကျွန်မတို့ ရေဘေးနဲ့ မြေငလျင်နဲ့ မတူတာက မြေငလျင်မှာ တကယ်ထိသွားတဲ့ လူတွေက လူလတ်တန်းစားနဲ့ချမ်းသာသူတွေ များပါတယ်။ အဲဒီအခါမှာ သူတို့က သူတို့ကိုယ်တိုင် ထမင်းဘူးတွေကို သွားတန်းမစီနိုင်ဘူးဆိုတာမျိုး ကျွန်မတို့က သတင်းရတယ်။ အဲ့ဒါကြောင့် သူတို့ကို ကျွန်မတို့ အိန္ဒြေသိက္ခာရှိရှိ ဆန်တွေ ဖြန့်ဝေတာပေါ့နော်။ အမည်ခံဖြစ်တဲ့ ကုန်ပွတွေ ကျွန်မတို့မလှူဘဲ ကုန်အကျစ်တွေ လှူတာပေါ့။ ဆီ၊ ငါးခြောက်ငါးခြမ်း ကြော်လှော်ပြီးသား၊ မိုးကာ အခင်း ဒါမျိုးတွေပေါ့။ ရေသန့်ဗူးဆိုရင်လည်း အခု သဘာဝဘေးအန္တရာယ်မှာ သန်းနဲ့ချီသော ရေသန့်ဗူးခွံတွေ မန္တလေးမှာ အမှိုက်ဖြစ်သွားတယ်။ ဖော့ဗူးတွေရောပေါ့နော်။ ကျွန်မကတော့ ရွေ့လျား ရေသန့်စက်တွေ တပ်ဆင်တဲ့ အလုပ်ကို ကျွန်မတို့ လုပ်ခဲ့တယ်။ ကျွန်မတို့ တပ်ဆင်ခဲ့တဲ့ ရေသန့်စက်က အနီးအနားပတ်ဝန်းကျင်က လူ ထောင်ဂဏာန်းလောက်အတွက် အထောက် အကူဖြစ်ပါမယ်။ ဗူးခွံတွေရဲ့ လေလွင့်မှုတွေလည်း လျှော့ချနိုင်မယ့် ရေရှည်မံကိန်းနဲ့ လှူတန်းခဲ့တာ ဖြစ်ပါတယ်# လို့ ဆိုပါတယ်။
ငလျင်ဘေးသင့် ပြည်သူတွေမှာ နေရာထိုင်ခင်း ကိုယ့်ဘာသာ စီစဉ်ရတာ၊ ပြိုပျက်နေတဲ့ အိမ်အနား လမ်းဘေးမြေတလင်းမှာ နေထိုင် အိပ်စက်ရတာမျိုး၊ နောက်ပြီး ဒီအဆောက်အဦတွေ ဖြိုဖျက်ဖို့နဲ့ ပြန်လည်တည်ဆောက်ရာမှာ ဘယ်အချိန်ဘယ်ကာလမှာ တည်ဆောက်ရမယ်ဆိုတဲ့ တိကျတဲ့ ညွှန်ကြားမှုတွေ၊ မဆောက်ရခင်ကာလစပ်ကြား အစိုးရရဲ့စီစဉ်ပေးရမယ့်စုပေါင်းအိမ်ရာလိုမျိုးတွေ စနစ်တကျ မရှိသေးဘဲ၊ ယာယီခိုလှုံနေထိုင်ဖို့ ဘောလုံးကွင်းမှာ စီစဉ်ထားတယ်ဆိုတာမျိုးသာ မန္တလေး၊ စစ်ကိုင်းတကြော MT Newsက ကွင်းဆင်းသတင်းရယူရာမှာ တွေ့မြင်ကြားသိခဲ့ရပါတယ်။
တကယ့် ဆုံးရှုံးရသူတွေက သူတို့ရဲ့ ပျက်စီးဆုံးရှုံးသွားတဲ့ နေရာတွေရဲ့ အနီးတစ်ဝိုက်မှာသာခိုလှုံနေကြပြီး ဒါတွေက Post Disaster ရဲ့ အားနည်းချက်တွေလို့လည်း ပညာရှင် ဒေါ်စုစုလှိုင်က ထောက်ပြဝေဖန်ပါတယ်။ ဖြစ်စမှာ နိုင်ငံတကာလာတဲ့အချိန် တုံပြန်မှုတွေ မြန်ဆန်သလို ရသင့်သလောက် အထောက်အကူတွေ ရခဲ့ပေမယ့် ပြန်လည်ထူထောင်ရမယ့်ကာလမှာ ပြည်သူကနေ ပြည်သူကို ကူတယ်ဆိုတဲ့ တစ်စုတစ်ဖွဲ့က စိတ်ကူးရှိရာလှူကြရာမှာလည်း အခွင့်အရေးခံယူသူတွေ လက်ထဲ ရောက်ရှိသွားပြီး တကယ်နစ်နာသူက စိတ်ဓာတ်ကျ အခက်အခဲ ဖြစ်ကျန်ခဲ့တာမျိုးပါ။
Safety and security international consultant ဒေါ်စုစုလှိုင်က “ကျွန်မတို့ အခုဖြစ်ရပ်မှာ နိုင်ငံတကာ ကယ်ဆယ်ရေးကို ချက်ချင်းဖိတ်ခေါ်လိုက်တာကို အားပေးထောက်ခံပါတယ်။ အဲဒီလိုပဲ Internal မှာ ရှိနေတဲ့ ပညာရှင်တွေ လုပ်အားပေးချင်တဲ့သူတွေကိုလည်း တရားဝင် ဖိတ်ခေါ်သင့်တယ်လို့ ကျွန်မက အကြံပြုချင်ပါတယ်။ အဲဒါဆိုရင် မြေပြင်မှာရှိနေတဲ့ Data ကောက်ယူမှုကို မြန်မြန်ဆန်ဆန် ကောက်ယူနိုင်မယ်။ လိုအပ်ချက်တွေကို စနစ်တကျ တိတိကျကျ ကောက်ယူနိုင်မယ်။ Research and Development Team တွေက ဘယ်နေရာက လျင်လျင်မြန်မြန်လိုအပ်နေပြီး ဘယ်နေရာကတော့ အချိန်ပေးလို့ရတယ်ဆိုတာကို သိရှိမှု တိတိကျကျနဲ့မြန်ဆန်သွားမယ်ပေါ့နော်။ နောက်တစ်ခုက နိုင်ငံတကာက ကယ်ဆယ်ရေးယာဉ်တွေက အားရစရာကောင်းလောက်အောင်ကို လာပါတယ်။ အဲ့ဒီမှာ ဘယ်လိုပစ္စည်းမျိုးတွေပါဝင်လာသလဲ ဆိုတဲ့ အမျိုးအစားခွဲပေးမှုတွေ၊ ဘယ်မှာ အလျင်အမြန်လိုနေပြီဆိုတာတွေ၊ အချက်အလက်တွေ ပြုစုဖို့တွေမှာ နှောင့်နှေးသွားတယ်လို့ ကျွန်မတော့ သတိထားမိတယ်။ ဒါတွေကိုသာ ကျွန်မတို့က လူအင်အားသုံးပြီးတော့ စုဆောင်းလိုက်မယ်၊အောက်ခြေက လိုအပ်တာနဲ့ရှိနေတာတွေကိုသာ အချိန်ကိုက် ပေးပို့နိုင်လိုက်မယ်ဆိုရင် Post Disasterရဲ့ နောက်မှာ မနှောင့်နှေးတော့ဘူးပေါ့” လို့ MT News ကို ရှင်းပြပါတယ်။
