ပုံစာ။ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံထားရသော ဦးထန့်ခန့်ဒါးလ်ပုံရိပ် (ဓာတ်ပုံ - ဆူရ်းဘုန်တိုင်းမ်)
နေမိုး
၁၅. ၅. ၂၀၂၆
ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA နှင့် NUG အား ဩဇာခံသည့် ချင်းလက်နက်ကိုင် PDF Zoland ကို တီးတိန်မြို့မှ ချယ်ရီတည်းခိုခန်းပိုင်ရှင် ဦးထန့်ခန့်ဒါးလ်က ဆက်ကြေးမပေးသဖြင့် ဒလန်ဟုစွပ်စွဲကာ PDF Zoland က ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်ပြီးမှ သွေးတိုး ဆီးချိုဖြင့် ဦးနှောက်သွေးကြောပေါက်သေဆုံးကြောင်း လိမ်လည်ထုတ်ပြန်ခဲ့သည့် ဦးထန့်ခန့်ဒါးလ်၏ နှိပ်စက်သတ်ဖြတ် ခံထားရသည့် ရုပ်အလောင်း ပုံရိပ်များ ယနေ့ ထွက်ပေါ်လာသည်။



ပြီးခဲ့သည့် ဧပြီ ၂၅ ရက်က AA နှင့် NUG ကို ဩဇာခံသည့် CB ချင်းလက်နက်ကိုင်များ ယာယီသိမ်းယူထားသည့် ဖလမ်းမြို့ကို တပ်မတော်က ပြန်လည်သိမ်းယူပြီးနောက် တီးတိန်မြို့နယ်အတွင်းတည်ရှိပြီး ချင်းပြည်နယ်၏ ဒုတိယအမြင့်ဆုံးတောင်ဖြစ်သလို နယ်မြေလုယက်ထားသည့် ချင်းညီနောင် CB အဖွဲ့ဝင် PDF Zoland တို့၏ အထိုင်စခန်းရှိနေသော ကနေဒီတောင်မှ ချင်းလက်နက်ကိုင်အကြမ်းဖက်များကို မြေပြင်ဝေဟင် စစ်ဆင်ရေးဖြင့် မေ ၅ ရက်၊ မေ ၆ ရက်တို့တွင် ချေမှုန်းကာ တပ်မတော်က ဆယ်ရက်အတွင်း ပြန်လည်သိမ်းယူနိုင်ခဲ့သည်။
တပ်မတော်၏ မြေပြင်ဝေဟင်ထိုးစစ်များအတွင်း PDF Zoland နှင့် Witch အဖွဲ့မှ ချင်းအမျိုးသမီးလက်နက်ကိုင်များအပါအဝင် ချင်း PDF ဆယ်ဦးအထက် သေဆုံးသွားပြီးနောက် ထိုသို့ သေဆုံးမှုနှင့် ဆုတ်ခွာထွက်ပြေးရမှုများမှာ ဒလန်ကြောင့်ဟုဆိုကာ တီးတိန်မြို့မှ ချယ်ရီတည်းခိုခန်းပိုင်ရှင် ဦးထန်ခန့်ဒါးလ်အား စစ်တပ်သတင်းပေး၊ ဒလန်ဟုဆိုကာ မေ ၁၁ ရက်တွင် ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်သတ်ဖြတ်ပြီးမှ မေ ၁၃ ရက်တွင် အသက် ၇၀ ကျော် ဦးထန်ခန့်ဒါးလ်မှာ သွေးတိုး၊ ဆီးချိုရောဂါတို့ဖြင့် ဦးနှောက်သွေးကြောပေါက်ပြီးသေဆုံးသွားကြောင်း PDF Zoland က လိမ်လည်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


သို့သော် PDF Zoland အနေဖြင့် ယင်းတို့ တောင်းသလောက်ဆက်ကြေးမပေးသော လုပ်ငန်းရှင်များကို ဒလန်ဟုဆိုကာ ဖမ်းဆီးနှိပ်စက် ပြန်ပေးဆွဲခြင်းများ မကြာခဏပြုလုပ်ပြီး တောင်းသည့်ငွေပေးမှသာ ပြန်လွှတ်ပေးလေ့ရှိသလို ဦးထန်ခန့်ဒါးလ်မှာ အသက် ၇၀ ကျော်ဖြစ်သဖြင့် ချင်း PDF တို့ နှိပ်စက်မှုနှင့် ရာသီဥတုဒဏ်ကြောင့် လက်လွန်သေဆုံးသွားသဖြင့် PDF Zoland ဘက်က ထိုသေဆုံးမှုအပေါ် သွေးတိုး၊ ဆီးချို၊ ဦးနှောက်သွေးကြောပေါက်ကာ သေဆုံးသွား၍ ဝမ်းနည်းရပါကြောင်း လိမ်လည်စာထုတ်လာခြင်းဖြစ်သည်ဟုလည်း MT News က ယမန်နေ့တွင် ဖော်ပြခဲ့ပြီးဖြစ်သလို ယနေ့တွင်မူ ဦးထန့်ခန့်ဒါးလ်အား PDF Zoland က ညှင်းပန်းနှိပ်စက် သတ်ဖြတ်သည့်ပုံရိပ်များ ချင်းမီဒီယာများနှင့် မိသားစုဘက်က အတည်ပြု ထွက်ပေါ်လာခြင်းဖြစ်သည်။



ဦးထန့်ခန့်ဒါးလ်၏ ရုပ်အလောင်းမှာ PDF Zoland နှိပ်စက်မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး အညိုအမည်းစွဲနေသည့် ဒဏ်ရာများ၊ လည်ပင်းရိုးကျိုးကာ မေးရိုးလွဲနေမှု၊ မျက်လုံးနှင့် နားမှ သွေးထွက်ဒဏ်ရာ၊ လည်ပင်း ကြိုးကွင်းစွပ်ထားခြင်း သို့မဟုတ် လည်ပင်းညှစ်သတ်ထားခြင်း ဒဏ်ရာဒဏ်ချက်များ ဆိုးရွားစွာလည်း တွေ့ရှိရသည်။
ပုံစာ။ ဦးထန့်ခန့်ဒါးလ်မှာ သွေးတိုး၊ ဆီးချို၊ ဦးနှောက်သွေးကြောပေါက်သေဆုံးကြောင်း PDF Zoland လိမ်လည်ထုတ်ပြန်ချက်နှင့် ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံထားရသော ဦးထန့်ခန့်ဒါးလ်ပုံရိပ် (ဓာတ်ပုံ – ဆူရ်းဘုန်တိုင်းမ်)
