သက်တံ့
၁၅. ၅. ၂၀၂၆
မော်လ်ဒိုက်နိုင်ငံ ဗာဗူးသန္တာကျောက်တန်းကျွန်းစုတွင် Scuba Diving ရေငုပ်ခြင်း ပြုလုပ်နေစဉ် အီတလီနိုင်ငံသား ၅ ဦး သေဆုံးသွားကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့ (မေ ၁၄ ရက်) တွင် ပြောကြားခဲ့သည်။
အီတလီမီဒီယာများ၏ ဖော်ပြချက်အရ သေဆုံးသူများမှာ တက္ကသိုလ်ပရော်ဖက်ဆာတစ်ဦးဖြစ်သူ မိုနီကာ မွန်တီဖယ်လ်ကိုနီ (Monica Montefalcone) နှင့် သူမ၏ အသက် ၂၀ အရွယ်သမီးဖြစ်သူ ဂျော်ဂျီယာ ဆွန်မာကယ် (Giorgia Sommacal)၊ တူရင်မြို့မှ မူရီရယ် အိုဒီနီနို (Muriel Oddenino)၊ ပါဒူအာမြို့မှ ဂျန်လူကာ ဘီနီဒီတ္တီ (Gianluca Benedetti) နှင့် ဘော်ဂိုမာနီရိုမြို့မှ ဖီဒီရီကို ဂွာတီရီ (Federico Gualtieri) တို့ ဖြစ်ကြသည်ဟု ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။
အဆိုပါအဖွဲ့သည် ပေ ၁၆၅ (မီတာ ၅၀ ခန့်) အနက်ရှိ ရေအောက်လိုဏ်ဂူများကို သွားရောက်ရှာဖွေစူးစမ်းရန် ကြိုးပမ်းခဲ့ကြစဉ် ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ သို့သော်လည်း သေဆုံးရသည့် အကြောင်းရင်းအတိအကျကိုမူ အသေးစိတ် ထုတ်ပြန်ခြင်းမရှိသေးပေ။
၎င်းတို့အဖွဲ့သည် ကမ္ဘာလှည့်ခရီးသွားများဖြစ်ကြပြီး “Duke of York” အမည်ရှိ ရေငုပ်သမားများစီးနင်းသည့် အပျော်စီးသင်္ဘောပေါ်တွင် လိုက်ပါလာသူများ ဖြစ်သည်။ အဖွဲ့သည် အလီမာသာ (Alimathaa) အပန်းဖြေကျွန်းအနီးတွင် ရေငုပ်ရန် မနက်ပိုင်းကတည်းက ရေထဲသို့ ဆင်းသွားခဲ့ခြင်းဖြစ်ပြီး၊ ပြန်လည်ပေါ်ထွက်မလာတော့ဘဲ ပျောက်ဆုံးသွားသဖြင့် သင်္ဘောပေါ်ရှိ ဝန်ထမ်းများက သတင်းပို့ခဲ့ခြင်းဖြစ်သည်။
၎င်းတို့ ပျောက်ဆုံးသွားပြီးနောက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် ကယ်ဆယ်ရေးအဖွဲ့များက အပြေးအလွှား သွားရောက်ရှာဖွေခဲ့ကြရသည်။
မတော်တဆမှုဖြစ်ပွားချိန်တွင် ရေငုပ်သည့်နေရာ၌ ရာသီဥတုအခြေအနေ ဆိုးရွားနေကြောင်း သိရသည်။ ထိုနေ့ အစောပိုင်းကတည်းက ဗာဗူးသန္တာကျောက်တန်းကျွန်းစုတွင် မိုးလေဝသအဝါရောင်သတိပေးချက် ထုတ်ပြန်ထားခဲ့ပြီး ကျွန်းစုများပေါ်တွင် တစ်နာရီလျှင် မိုင် ၃၀ အထိ လေပြင်းများ တိုက်ခတ်နေခဲ့သည်။
လက်ရှိတွင် မော်လ်ဒိုက်အာဏာပိုင်များနှင့် ဒေသခံရဲတပ်ဖွဲ့က မတော်တဆမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီး သေဆုံးရသည့်အကြောင်းရင်းကို အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။ တစ်ချိန်တည်းမှာပင် သီရိလင်္ကာနိုင်ငံရှိ အီတလီသံရုံးသည် သေဆုံးသူများ၏ မိသားစုများနှင့် ဆက်သွယ်ကာ ကောင်စစ်ရေးရာ ကူညီမှုများပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Ref: Mirror



