
၁၁. ၄. ၂၀၂၅
Written by Nyein Kyaw
ငလျင်ဒဏ်ကြောင့် သေဆုံးသူများကို တစ်ဦးလျှင် ကျပ် ၁၀ သိန်းစီ ထောက်ပံ့ပေးသွားမည်ဖြစ်သလို အဆောက် အဦ၊ လမ်းတံတားများကိုလည်း မူလထက်ပိုကောင်းအောင် ပြန်လည်တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရှိ ပြည်နယ်၊ ခရိုင်၊ မြိုနယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကာ ငလျင်သဘာဝဘေးဒဏ်ဆိုင်ရာများနှင့် ဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးမှာကြား၍ ထိခိုက်ပျက်စီးမှုများအား ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့သည်။

မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့စဉ် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့၌ ထိခိုက်ပျက်စီးခဲ့မှုများအား ကြည့်ရှုစစ်ဆေးရန်နှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည်များ မှာကြားနိုင်ရေးအတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ထိခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ဧပြီ ၁၀ ရက် နံနက်ပိုင်းအထိ ထိခိုက်သေဆုံးခဲ့ရသူ ၃၆၄၉ ဦး၊ ဒဏ်ရာရရှိခဲ့ရသူ ၅၀၁၈ ဦးနှင့် ပျောက်ဆုံးနေသူ ၁၄၅ ဦးရှိသည်ဟုသိရှိရကြောင်း၊ ငလျင်ဘေးဒဏ်ကြောင့်သေဆုံးခဲ့ရသူများအား တစ်ဦးလျှင် ၁၀ သိန်းကျပ်ဆီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ အခြားထိခိုက်ပျက်စီးမှုများ အနေဖြင့် နေအိမ်စုစုပေါင်း ၆ သောင်းကျော်ပျက်စီးဆုံးရှုံးခြင်း၊ စာသင်ကျောင်းပေါင်း ၂၃၆၆ ကျောင်းပျက်စီးဆုံးရှုံးခြင်း၊ ဘုန်တော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက် ပေါင်း ၃၅၁၄ ကျောင်းပျက်စီးဆုံးရှုံးခြင်း၊ ဘုရားစေတီပေါင်း ၅၆၂၀ ပျက်စီးဆုံးရှုံးခြင်းနှင့် ဆေးရုံ၊ ဆေးခန်း ၂၉၁ ခု ပျက်စီးဆုံးရှုံးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။




ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် မူလထက်ပိုမိုကောင်းမွန်သည့် အဆောက်အဦများ၊ လမ်းတံတားများ ဖြစ်လာရန်နှင့် ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်သည့်မြို့များကို ဖော်ဆောင်ပေးနိုင်ရမည်ဟု မူဝါဒချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီကျရောက်တော့မည့် မြန်မာ့ရိုးရာအတာသင်္ကြန်နှင့်ပတ်သက်၍လည်း ယခုနှစ် အတာသင်္ကြန်ကာလကို မြန်မာရိုးရာအစဉ်အလာနှင့်အညီ အေးအေးချမ်းချမ်းဖြင့်သာ ဖြတ်သန်းကြစေလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
လာမည့်ဒီဇင်ဘာလတွင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။