
MT News
၁၁. ၄. ၂၀၂၅
မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၁ မိနစ် ၂ စက္ကန့်က ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်နဲ့ လှုပ်ခတ်ခဲ့တဲ့ ဆိုးရွားပြင်းထန်တဲ့ ဖျက်အားပြင်း မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီး ၁၁ ရက်အကြာ ဧပြီ ၈ ရက် မနက်မှာ နောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်မှု အကြိမ် ၁၀၀ ပြည့်သွားခဲ့ပေမဲ့ ဒီနေ့ ဧပြီ ၁၁ ရက်အထိ မရပ်တန့်ဘဲ ဧပြီ ၈ ရက် မနက်ကနေ ဒီ သုံးရက်အတွင်း ၁၆ ကြိမ်ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။
၁၄ ရက်တာကာလအတွင်း ငလျင်အကြိမ် ၁၁၆ ခါလှုပ်ခတ်မှုမှာ အပြင်းဆုံးက ပထမဆုံး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်အပြီး ဆယ်မိနစ်ကျော်အကြာ မိတ္ထီလာမြို့အရှေ့မြောက်ဘက် မြေအောက် ၁၀ ကီလိုမီတာ(၆ ဒသမ ၂၁၃ မိုင်)က လှုပ်ခတ်တဲ့ ပြင်းအား ၇ ဒသမ ၅ အဆင့်ရှိငလျင်ပါ။
အင်အားအနည်းဆုံးငလျင်က မတ်လ ၂၈ ရက်ည ၇ နာရီ ၅၈ မိနစ်မှာ မြို့လှမြို့အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာ မြေအောက် ၁၀ ကီလိုမီတာကနေ ပြင်းအား ၂ ဒသမ ၈ နဲ့ လှုပ်ခတ်တဲ့ ငလျင်ဖြစ်ပြီး ဇောက်အတိမ်ဆုံးငလျင်ကတော့ ဧပြီ ၆ ရက် ည ၁၁ နာရီ မိနစ် ၄၀ မှာ တပ်ကုန်းမြို့ရဲ့ အနောက်မြောက်ဘက် ၁၄ မိုင်ခန့်အကွာကနေ မြေအောက် ၃ ကီလိုမီတာ (၁ ဒသမ ၈၆၄ မိုင်) ကနေ လှုပ်ခတ်တဲ့ ငလျင်ပါ။




ငလျင်အကြိမ် ၁၁၆ ကြိမ်ထဲမှာ အများစုက မြေအောက် ၁၀ မိုင်ကျော်က ကပ်လှုပ်တဲ့ ဇောက်တိမ်တဲ့ငလျင်တွေဖြစ်သလို ပြင်းအား ၄ ကနေ ၇ ဒသမ ၇ အဆင့်နဲ့ ငလျင်ကလည်း အကြိမ် ၂၅ ကြိမ်နီးပါး ပါဝင်ခဲ့တာကြောင့် လှုပ်ခတ်မှုတွေရဲ့ ၄ ပုံ ၁ ပုံခန့်ဟာ သိသာပြင်းထန်တဲ့ငလျင်တွေဖြစ်ခဲ့ပြီး အကြိမ် ၁၀၀ မြောက် ငလျင်ကတော့ ဝမ်းတွင်းမြို့အရှေ့ အရှေ့တောင်ဘက် ဗဟိုပြုပြီး ပြင်းအား ရစ်ချ်တာစကေး ၃ ဒသမ ၇ နဲ့ ဧပြီ ၈ ရက် မနက် ၄ နာရီ ၁၈ မိနစ်မှာ မြေအောက်အနက် ၆ မိုင်ကျော်ကနေ လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ပါ။
ဧပြီ ၈ ရက်မှာ အကြိမ် ၁၀၀ ပြည့်ပြီးချိန်ကနေ ဒီမနက် ဧပြီ ၁၁ ရက်အထိ ငလျင် ၁၆ ကြိမ်မှာ ဧပြီ ၉ ရက်နေ့က ပြင်းအား ၄ နဲ့ ၄ ဒသမ ၄ အဆင့်ရှိ နှစ်ကြိမ်နဲ့ ဒီနေ့ ဧပြီ ၁၁ ရက်မှာ မနက် ၈ နာရီ ၄၃ မိနစ်မှာ လှုပ်သွားတဲ့ငလျင်က ပြင်းအားက သုံးပဲရှိပြီး အနက်က ၂၃ ကီလိုမီတာဖြစ်တာကြောင့် မသိသာခဲ့ပေမဲ့ မနက် ၉ နာရီ ၂ မိနစ် ၂၀ စက္ကန့်မှာ တောင်ငူမြို့ရဲ့ အနောက် အနောက်မြောက်ဘက် ၁၃ မိုင်ခန့်အကွာကနေ မြေအောက်အနက် ၁၃ ကီလိုမီတာကို ဗဟိုပြုပြီး ပြင်းအား ၄ ဒသမ ၃ နဲ့ လှုပ်ခတ်သွားတဲ့ ငလျင်တွေဟာ ဇောက်တိမ်တာကြောင့် လှုပ်ခတ်မှု သိသာခဲ့ပါတယ်။
